နေပြည်တော် ဧပြီ ၃၀
တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးသည် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တောင်ကြီးမြို့နယ် အေးသာယာမြို့ရှိ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာအား ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် သင်တန်းစင်တာခန်းမဆောင်၌ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ယခုသဘာဝဘေးတွင်လည်း မူလအခြေအနေထက် မြင့်မားသောအခြေအနေရောက်အောင် နိုင်ငံတော်၏ဦးဆောင်မှုဖြင့် စည်းလုံးညီညွတ်စွာ ဝိုင်းဝန်းဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု၏ခွင့်ပြုဘဏ္ဍာရန်ပုံငွေနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုဘဏ္ဍာရန်ပုံငွေတို့ဖြင့် ဒေသခံတိုင်းရင်းသားလူငယ်များ၏ သက်မွေးပညာသင်တန်းများ ပုံမှန် ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားရန်လိုကြောင်း၊ သင်တန်းများ ဖွင့်လှစ်ရာ တွင်လည်း ဒေသခံတိုင်းရင်းသားများ၏ ဒေသနှင့်ကိုက်ညီပြီး ပိုမိုအကျိုးဖြစ်ထွန်းစေမည့် သင်တန်း ပညာရပ်များကို ကွင်းဆင်းစစ်တမ်းကောက်ယူပြီး သင့်တော်သောသင်တန်းများကို အသိအမှတ်ပြု လက်မှတ်များ ပေးအပ်နိုင်သည်အထိ ရွေးချယ်သင်ကြားစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးက အားပေးစကားပြောကြားပြီး ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကာ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးမင်းအေးကိုက ဖြည့်စွက်ရှင်းလင်း ဆွေးနွေးသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သင်တန်းစင်တာ ပင်မလေးထပ်အဆောက် အအုံအတွင်းရှိ အစည်းအဝေးခန်းမ၊ သင်တန်းခန်းမများ၊ ရုံးခန်းများ၊ သင်တန်းသူ သင်တန်းသား အိပ်ဆောင်များ ထိခိုက်ပျက်စီးမှုများ၊ ပင်မအလုပ်ရုံခန်းမများ၊ စားရိပ်သာဆောင်နှင့် သင်တန်း စင်တာဧရိယာအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အစိတ်အပိုင်းများကို အဆောက်အဦအင်ဂျင်နီယာ စစ်ဆေးရေးအဖွဲ့များ၏ စစ်ဆေးအကြံပြုချက် များအတိုင်း အမြန်ဆုံးပြုပြင်နိုင်ရေး ဆောင်ရွက်သွားရန် မှာကြားသည်။
ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဒေသခံတိုင်းရင်းသား လူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် ပြည်ထောင်စုနှင့် ရှမ်းပြည်နယ် ဘဏ္ဍာရန်ပုံငွေများဖြင့် သက်မွေးပညာ သင်တန်းများ ၂၂ ကြိမ် ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီး သင်တန်းသား သင်တန်းသူ ၄၄၀ ကို မွေးထုတ် ပေးနိုင်ခဲ့သည်။ အဆိုပါ သင်တန်းသား သင်တန်းသူများသည် ၎င်းတို့ ရပ်ရွာဒေသများတွင် သင်တန်းမှ သင်ကြားပို့ချပေးသည့် ပညာရပ်များဖြင့် လက်တွေ့အသုံးချအသက် မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်