တောင်ကြီး ဖေဖော်ဝါရီ  ၆

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်း စင်တာသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ အလုပ်ရုံအဆောင်အတွင်း ဖွင့်လှစ်သင်ကြားလျက်ရှိသည့် မော်တော် ဆိုင်ကယ်အဆင့်မြင့် စက်ပြင်သင်တန်း (၁/၂၀၂၅)၊ Bakery & Snack အမျိုးမျိုးထုတ်လုပ်မှု သင်တန်း(၁/၂၀၂၅)နှင့် ကွန်ပျူတာအဆင့်မြှင့်ပြုပြင်ထိန်းသိမ်းခြင်းသင်တန်း (၁/၂၀၂၅) များသို့ တက်ရောက်နေကြသည့် သင်တန်းသား၊ သင်တန်းသူများ၊ သင်တန်းကြီးကြပ် အုပ်ချုပ်သူများ၊ နည်းပြဆရာ၊ ဆရာမများ၏ သင်တန်းချိန်အတွင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး  ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းသား၊ သင်တန်းသူများ နေထိုင်ရာ အဆောင်အိပ်ခန်းများနှင့် စားရိပ်သာဆောင်တို့ကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများ၊ သင်တန်းသား/သင်တန်းသူများနှင့်တွေ့ဆုံကာ ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများပေးအပ်သည်။

ယင်းနောက် သင်တန်းကျောင်း၏ ရေပေးဝေရေးစနစ်ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆိုင်ကယ်ပြင်သင်တန်းဆင်း တိုင်းရင်းသားတစ်ဦး၏ သင်တန်းကျောင်းမှ သင်ပေးလိုက်သောပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်