နေပြည်တော် ၉ ဖေဖော်ဝါရီ
၁၃၈၂ ခုနှစ်၊ တပို့တွဲလပြည့်ကျော်(၁) ရက်နေ့တွင် ကျရောက်သည့်(၇၃) ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် မွန်ပြည်နယ် မော်လမြိုင်မြို့ ဘိုကုန်းရပ် သံလွင်ဥယျာဉ်မြေကွက်လပ်၌ ကျင်းပသည်။
အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုးအောင်၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မွန်အမျိုးသားနေ့အခမ်းအနား(ဗဟို)ကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မွန်တိုင်းရင်းသား တိုင်းရင်းသူများနှင့် ဒေသခံတိုင်းရင်းသားများ တက်ရောက်ကြသည်။
ရှေးဦးစွာ (၇၃)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို ကမာဝက်မြို့ ဓာတ်တော် ကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တပဏ္ဍိတမဟာထေရ်၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိ၊ မွန်ပြည်နယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဒေါက်တာ မင်းကြည်ဝင်း၊ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ မင်းဗညားစန်း တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် မွန်အမျိုးသားအလံကိုလွှင့်တင်ပြီး တက်ရောက်လာသူများက ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အလံ၊ မွန်အမျိုးသားအလံနှင့် မွန်အာဇာနည်ခေါင်းဆောင်များအား အလေးပြုကြသည်။
ထို့နောက် သဘာပတိဆရာတော် ဘဒ္ဒန္တကေတုမာလာက အဖွင့်ဩဝါဒစကား မြွက်ကြားသည်။
ထို့နောက် (၇၃)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံမှ ပေးပို့လာသော သဝဏ်လွှာကို တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် က ဖတ်ကြားသည်။
ဆက်လက်၍ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံမှ နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် (၇၃)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ မင်းဗညားစန်း က အမှာစကား ပြောကြားပြီး (၇၃)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့လာသော သဝဏ်လွှာများကို တာဝန်ရှိသူတစ်ဦးက ဖတ်ကြားသည်။
ထို့နောက် မွန်အမျိုးသားနေ့ရေးရာကိစ္စများ နှစ်ကာလရှည်ကြာစွာ ဆောင်ရွက်ခဲ့သည့် ကမာဝက်မြို့ ဓာတ်တော်ကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တပဏ္ဍိ တမဟာ ထေရ်နှင့် နိုင်ပန်းအောင်တို့အား ကျင်းပရေးကော်မတီဥက္ကဋ္ဌ မင်းဗညားစန်းက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့်အတူ တာဝန်ရှိသူများသည် ခင်းကျင်းပြသထားသည့် မွန်ရိုးရာပြခန်းများကို ကြည့်ရှုအားပေးကြသည်။
(၇၃)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား ညပိုင်းအစီအစဉ်တွင် ကျင်းပရေး ကော်မတီဥက္ကဋ္ဌ မင်းဗညားစန်းက အမှာစကားပြောကြားပြီး မွန်ပြည်သစ် ပါတီဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် (၇၃)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား ကျင်းပရေးကော်မတီ (ဗဟို)မှ ကျေးဇူးတင်စကား ပြောကြားသည်။
ဆက်လက်၍ မွန်စာပေယဉ်ကျေးမှုဆိုင်ရာ စာတမ်းဖတ်ကြားခြင်း၊ မွန်အမျိုးသားနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာ ရှင်းလင်းချက်စာတမ်းအကျဉ်းဖတ်ကြားခြင်း၊ မွန်လူငယ်ရေးရာ ကိစ္စရပ်များ တင်ပြခြင်း၊ မွန်အမျိုးသားနေ့အထိမ်းအမှတ် စာပေပြိုင်ပွဲဆု ချီးမြှင့်ခြင်း၊ အလှူရှင် များအား ဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်း အစီအစဉ်များကို ကျင်းပခဲ့ကြောင်း သိရသည်။
သမလနှင့် ဝိမလ မွန်မင်းညီနောင်နှစ်ပါး ဟံသာဝတီမင်းနေပြည်တော်ကြီးကို စတင် တည်ထောင်ခဲ့သော သာသနာသက္ကရာဇ် ၁၁၁၆ ခုနှစ် တပို့တွဲလဆုတ် (၁)ရက်နေ့ တနင်္လာနေ့ကို အစွဲပြု၍ မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ် တပို့တွဲလဆုတ် (၁)ရက်နေ့ရောက်တိုင်း မွန်အမျိုးသားနေ့ အခမ်းအနားများကို မွန်တိုင်းရင်းသားလူမျိုးအများစု နေထိုင်ရာ ကရင်ပြည်နယ်၊ ရန်ကုန်၊ မန္တလေး၊ တနင်္သာရီနှင့် ဧရာဝတီတိုင်းဒေသကြီး စသော နေရာအသီးသီး၌ ကျင်းပခဲ့ကြ သည်။ ယခုနှစ် (၇၃)ကြိမ်မြောက် မွန်အမျိုးသားနေ့ကို မွန်လူမျိုးတို့၏ ဇာတိသွေး ဇာတိမာန် နိုးကြားပြီး ဘာသာစကားစာပေနှင့် ရိုးရာဓလေ့ယဉ်ကျေးမှုများ ဖော်ထုတ်ထိန်းသိမ်းမြှင့်တင် သွားနိုင်ရေး တိုင်းရင်းသားစည်းလုံးညီညွတ်မှု တည်ဆောက်သွားနိုင်ရေးတို့အတွက် ရည်ရွယ်ကာ ကျင်းပခဲ့ခြင်းဖြစ်သည်။
အလားတူ (၇၃)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားများကို ရန်ကုန်တိုင်းဒေသ ကြီး ပြည်သူ့ရင်ပြင်၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်ရှိ သာသနာ ၂၅၀ဝ ဓမ္မာရုံ၌လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ကင်ပွန်းချုံကျေးရွာနှင့် ပဲခူးမြို့ ရွှေမော်ဓော ဓမ္မာရုံ၌လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ကျွဲတလင်းကျေးရွာ အပါအဝင် မြို့နယ် (၅) မြို့နယ်၌လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၌လည်းကောင်း၊ ကရင်ပြည်နယ် ဘားအံမြို့နယ် အိန္ဒုကျေးရွာနှင့် ကော့ကရိတ်မြို့ ပေါ်ကြူကုန်းကျေးရွာ၌ လည်းကောင်း စည်ကားသိုက်မြိုက်စွာ ကျင်းပကြပြီး အဆိုပါ အခမ်းအနားများသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ထံမှ သဝဏ်လွှာများ ဂုဏ်ပြုပေးပို့ခဲ့ကြသည်။
(သတင်းစဉ်)