နေပြည်တော်  ၂၄ ဇန်နဝါရီ  

 

ဇန်နဝါရီလ ၂၅ ရက်နေ့မှ ဇန်နဝါရီလ ၃၀ ရက်နေ့ထိ ကျင်းပပြုလုပ်မည့် သွေးချင်းတို့ရဲ့  ပွဲတော်ဆီ ပွဲတော်ကြီးအား ဂုဏ်ပြုသည့်အနေဖြင့် တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းကကြီးမှုး၍ “အပြောင်းအလဲ-စိန်ခေါ်မှုများမှ ခွင့်အလမ်းများဆီသို့”(Change-Challenges to Opportunities) ဖိုရမ်အား ယနေ့နေ့လယ် ၁၃:ဝ၀ နာရီ အချိန်တွင် ရန်ကုန်မြို့  Myanmar ICT Park, Conference Hall ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် တက်ရောက်ပါသည်။ 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့အချိန်တွင် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို တိုင်းရင်းသားညီနောင် သွေးချင်းများအားလုံး လက်တွဲတည်ဆောက်နိုင်မှသာ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ဟောပြောပွဲ ခေါင်းစဉ်ပါအတိုင်း အပြောင်းအလဲများနှင့် စိန်ခေါ်မှုများအား အောင်မြင်စွာကျော်လွှားနိုင်ပြီး အခွင့်အရေး၊ အခွင့်အလမ်းများ ရရှိနိုင်ရေးသည် အသိပညာ အတတ်ပညာများအပြင် မျှော်မှန်းချက် ရည်မှန်းချက်များလည်း ထားရှိရန် လိုအပ်ပါကြောင်း၊  အဆိုပါ အသိပညာ အတတ်ပညာများသည်လည်း ယခုကဲ့သို့ ဟောပြောပွဲ ဆွေးနွေးပွဲ ဖိုရမ်များမှ ပိုမိုရရှိနိုင်မည် ဖြစ်သည့်အတွက် ဖိုရမ်များကျင်းပခြင်းဖြင့် နိုင်ငံသူ နိုင်ငံသားများ၏အသိစိတ်ဓာတ်များ ပိုမိုဖွံ့ဖြိုးတိုးတက် လာစေမည်ဖြစ်ပါကြောင်း၊ ပြည်သူလူထုလိုချင်သည့် အပြောင်းအလဲသည် ပြည်ထောင်စုအစိုးရနှင့် တိုင်း/ပြည်နယ်အစိုးရများ ပြောင်းလဲသွားသည့်တိုင် ပြည်သူလိုအပ်နေသော ဒီမိုကရေစီစနစ် ရရှိပြီဟု ယူဆ၍ မရနိုင်ပါကြောင်း၊ ပြည်ထောင်စုအစိုးရနှင့် တိုင်း/ ပြည်နယ်အစိုးရများ လက်အောက်ရှိ ဝန်ထမ်းများအားလုံး မပြောင်းလဲပါက ဒီမိုကရေစီစနစ် ရရှိမည် မဟုတ်ပါကြောင်း၊ စနစ်ဟောင်းက ပြည်သူလူထုမလိုလားသည့် အကျင့်စရိုက်ဟောင်းများ မပြောင်းလဲလျှင် ပြည်သူလိုလားသည့် ပြည်သူလူထုအကျိုး ကာကွယ်စောင့်ရှောက်သည့် ဒီမိုကရေစီ စနစ် ရရှိမည် မဟုတ်ပါကြောင်း၊ ပြည်သူလူထုကိုယ်တိုင် အသိပညာ အတတ်ပညာ မရှိပါက အပြောင်းအလဲသည် ပြည်သူ့အကျိုး ကာကွယ်မှုပြုသည့် အပြောင်းအလဲ ဟုတ်သည် မဟုတ်သည်ကို မသိရှိနိုင်ပါကြောင်း၊ ယခုကဲ့သို့ ဆွေးနွေးပွဲများ၊ ဖိုရမ်များ ပြုလုပ်မှသာ ပြည်သူလူထုက သိရှိလာမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတကြီး မိန့်ကြားခဲ့သလို ပြည်ထောင်စုကြီးတစ်ခုလုံး ပြောင်းလဲပါသည် တိုးတက်ပါသည် ဆိုရာတွင် အကိုင်းအခက်များဖြစ်သော ဖွံဖြိုးမှုနိမ့်ကျသည့် တိုင်း/ပြည်နယ်များ မတိုးတက်ပါက  တိုးတက်ပြောင်းလဲသည်ဟု မဆိုနိုင်ပါကြောင်း၊ ထိုသို့ တိုးတက်ပြောင်းလဲနိုင်ရေးအတွက် တိုင်းရင်းသားလုပ်ငန်းရှင်များအနေဖြင့် ပြပွဲများ၊ အသေးစား လုပ်ငန်းများ၊ အလတ်စားလုပ်ငန်းများ ကြိုးစားလုပ်ဆောင်သင့်သည့်အပြင် နိုင်ငံခြားသားလုပ်ငန်း ရှင်များနှင့် ပူးပေါင်း၍ မိမိဒေသ စီးပွားရေးဖွံဖြိုးတိုးတက်စေရန် ဆောင်ရွက်သင့်ပါကြောင်း၊ သို့မှသာ တိုင်းရင်းသား လူငယ်များအနေဖြင့် ဗဟုသုတများ၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားလာမည်ဖြစ်ပါကြောင်း၊ နိုင်ငံရပ်ခြားသို့ သွားရောက်အလုပ်လုပ်ကိုင်ပါက မိမိနိုင်ငံဖွံဖြိုး တိုးတက်ရန် စဉ်းစားတော့မည် မဟုတ်သဖြင့် အထက်ပါအခွင့်အလမ်းများ ဖန်တီးပေးရန် လိုအပ်ပါကြောင်း၊ ထိုအခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်အတွက် ပြည်တွင်းငြိမ်းချမ်းရေးသည် လွန်စွာအရေးကြီးပါကြောင်း၊ ယခုကဲ့သို့ ဖိုရမ်များ၊ ဆွေးနွေးပွဲများ ဆောင်ရွက်ခြင်းဖြင့် အသိပညာ အတတ်ပညာများ၊ ဗဟုသုများ တိုးပွားလာပြီး ပြည်ထောင်စုငြိမ်းချမ်းရေးကို အကောင်အထည် ဖော်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားပါသည်။ 

ဆက်လက်၍ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် နှင့် မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်ဖေလှိုင်တို့က အမှာစကား ပြောကြား ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။ 

ဆက်လက်၍ “အပြောင်းအလဲ-စိန်ခေါ်မှုများမှ ခွင့်အလမ်းများဆီသို့” (Change-Challenges to Opportunities) ဖိုရမ်အကြောင်းအရာအား  The Voice Weekly Journal မှ CEO ဦးဇေယျသူ၊ Institute for Strategy and Policy –Myanmar မှ Executive Director ဦးမင်းဇင်၊ ဦးအောင်နိုင်ဦး( Director General of DICA)၊  (MCRB) မှ Director Ms. Vicky Bowman၊ (MIT)မှ Founder and CEO Dr. ဦးထွန်းသူရသက်၊ Yatanarpon Teleport မှ Chief Operating Officer Dr. Nandy Lynn တို့က ဦးဆောင်ဆွေးနွေးခဲ့ပြီး အခမ်းအနားကို ၁၇:ဝ၀ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

ညနေပိုင်းတွင် မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ ကြီးမှူးကျင်းပသည့်  ''သွေးချင်းတို့ရဲ့ ပွဲတော်ဆီ'' တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုပြပွဲနှင့် ခရီးသွား လုပ်ငန်း မြှင့်တင်ရေးပွဲတော် အထိမ်းအမှတ်  ဂုဏ်ပြုညစာစားပွဲကို   တာမွေမြို့ နယ် ကျိုက္ကဆံအားကစားကွင်းတွင် ကျင်းပရာ  ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် ၊  ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီး များ၊   တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌဦးနိုင်လင်းမြင့်၊ မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများနှင့် ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ညစာစားပွဲတွင်   ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က အဖွင့်အမှာ စကား ပြောကြားပြီး   တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နှုတ်ခွန်းဆက်  စကား ပြောကြားကာ  မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း နာယက ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က အမှာ စကားပြောကြားသည်။

ဆက်လက်၍     ပွဲတော်ဖြစ်မြောက်ရေးအတွက် ငွေများလှူဒါန်းခဲ့သည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး   တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု အကအလှများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။

 

(သတင်းစဉ်)