ဒီးမော့ဆို ၁၀ ဧပြီ
(၁၉) ကြိမ်မြောက် ကယန်းအမျိုးသားနေ့အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ကယားပြည်နယ်၊ ဒီးမော့ဆို့မြို့နယ်၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားတက်ရောက်လာသူများက ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အလံနှင့် ကယန်းအမျိုးသားအလံတို့ကို အလေးပြုကြပြီး(၁၉) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ ဖြစ်မြောက်ရေးဦးစီးကော်မတီဥက္ကဌ ခွန်းဖရန်စစ္စကိုက အဖွင့်အမှာ စကားပြောကြားသည်။

ယင်းနောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ကယန်းအမျိုးသားတစ်ရပ်လုံး၏ ကယန်းအမျိုးသား နေ့ကို ၂၀ဝ၁ ခုနှစ်မှ စတင်၍ ကျင်းပခဲ့သည်ဟု သိရှိရပါကြောင်း၊ အမျိုးသားနေ့အခမ်း အနားကို စည်စည် ကားကား ကျင်းပနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုကိုကြည့်ခြင်း အားဖြင့် ကယန်း လူမျိုးများ၏ မျိုးချစ်စိတ်ဓါတ်ခိုင်မာမှုနှင့် စည်းလုံးညီညွတ်မှုစွမ်းပကား ကိုအသိအမှတ်ပြု ပါကြောင်း၊ ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသောတိုင်းရင်းသား များသည် မိမိတို့၏ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ဓလေ့ထုံးတမ်းများကို မပျောက် ပျက်စေရန် ထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ရှိပါကြောင်း၊ လူနည်းစုဖြစ်သော တိုင်းရင်းသားများ၏ စာပေများ၊ ယဉ်ကျေးမှု၊ အနုပညာ၊ အမွေအနှစ်များ မပပျောက်စေရန် နှင့် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ ကိုးကွယ်သည့် ဘာသာ၊ သာသနာ၊ ပညာသင်ကြားခွင့်၊ ဆေးကုသခွင့်၊ အလုပ်အကိုင်ရပိုင်ခွင့်၊ စီးပွားရေးလုပ်ငန်းများတွင်လည်း တန်းတူညီမျှသော အခွင့်အရေး များရရှိစေရန် နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၌ ထည့်သွင်းပြဌာန်းပေးခဲ့ ပါကြောင်း၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနကလည်း တိုင်းရင်းသားများအခွင့် အရေး နစ်နာဆုံးရှုံးမှုမရှိ စေရန်အတွက် တိုင်းရင်းသားများအားလုံး ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးများကို အပြည့်အဝရရှိစေရန် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် ဥပဒေပြဌာန်းချက်နှင့်အညီ အလေးထားဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း။

ယခုအချိန်တွင် မိမိတို့ပြည်ထောင်စုသားအားလုံးသည် တစ်မြေတည်းနေ၊ တစ်ရေ တည်းသောက်၊ တစ်ခရီးတည်းသွား အေးအတူပူအမျှနေထိုင်သွားရမည့် လူမျိုးများ ဖြစ်သည်ကို သက်သေပြရမည်ဖြစ်ပါကြောင်း၊ စည်းလုံးညီညွတ်ခြင်းသည် မိမိတို့၏ အဓိကအင်အား များဖြစ်စေပြီး မတူကွဲပြားမှုများရှိသော်လည်းအင်အားများသည့် အခြေခံ တစ်ခုဖြစ်၍ လစ်လျူရှုခြင်းမပြုရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ နိုင်ငံအဝှမ်းဒေသ အနှံ့အပြားတွင် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုပွဲတော်၊ အခမ်းအနားများကိုလည်း လွတ်လွတ် လပ်လပ်ကျင်းပခွင့်ပေးခဲ့ပြီး နိုင်ငံတော်မှကူညီထောက်ပံ့မှုများ ပြုလုပ်ပေး နေခြင်းသည် ထိုပွဲတော်၊ အခမ်းအနားမှတစ်ဆင့် မိမိတို့၏မျိုးနွယ်စုများ တစ်စုတစ်စည်း တည်းတွေ့ဆုံခွင့်ရရှိစေခြင်း၊ မိမိတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကိုလည်း အခြားတိုင်းရင်း သားများသိရှိစေရန် ဖော်ထုတ်ချပြခွင့်ရရှိစေခြင်းအားဖြင့် တိုင်းရင်း သားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ဖော်ဆောင်ပေးနေခြင်းပင်ဖြစ်ပါကြောင်း၊ ထိုအခွင့် အရေးကို ကယန်းတိုင်းရင်းသားများအနေဖြင့် မိမိရရဆုပ်ကိုင်နိုင်ကြမည်ဟု ယုံကြည်ပါ ကြောင်း၊ ထိုသို့ ဆောင်ရွက်သည့်အခါတွင် ကယန်းတိုင်းရင်းသားများ၏ အခန်းကဏ္ဍသည် လည်း အရေးကြီးပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြည်ထောင်စုကြီးကို ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအဖြစ် ပြောင်းလဲဖြစ်ပေါ်စေရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ အပြောင်းအလဲတိုင်းသည် အချိန်ကာလတစ်ခု လိုအပ်စမြဲ ဖြစ်သည့်အတွက် မိမိတို့အားလုံးသည် သံသယကင်းသည့် အကြွင်းမဲ့ယုံကြည်မှု၊ ခိုင်မာသည့်စည်းလုံးမှု၊ ပြတ်သားသည့် သန္နိဌာန်စိတ်ရှိမှုတို့နှင့်အတူဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ပေါက်လာအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန် ပြောကြားသည်။

ဆက်လက်၍ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အားပေး အမှာစကား ပြောကြားပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ ကိုယ်စားလှယ်တစ်ဦးနှင့် ရှမ်းပြည် နယ် ကယန်းတိုင်းရင်းသားဝန်ကြီး ခွန်းအေးမောင်တို့က အမှာစကား ပြောကြားကြသည်။

ယင်းနောက် ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ခဲ့ပြီး ကယန်းအမျိုးသားညီညွတ်ရေး ဦးဆောင် ကော်မတီ ဥက္ကဌခွန်းရှမူအေးလာက နိဂုံးချုပ်အမှာစကား ပြောကြားကာ သဘာပတိမှ ကျေးဇူးတင်စကားပြောကြားသည်။

အခမ်းအနားအပြီးတွင် စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံများရိုက်ကြပြီး ကယန်းရိုးရာ ဘုံအကဖြင့် ကပြဖျော်ဖြေခဲ့ကြ ကြောင်းသတင်း ရရှိသည်။
(သတင်းစဉ်)