နေပြည်တော် ၂၇ နိုဝင်ဘာ
ဒုတိယအကြိမ်မြောက် ထားဝယ်အမျိုးသားနေ့ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီ၌ တနင်္သာရီတိုင်း ယဉ်ကျေးမှုပြတိုက်တွင် ကျင်းပသည်။
ဒုတိယအကြိမ်မြောက် ထားဝယ်အမျိုးသားနေ့ အခမ်းအနားဖွင့်ပွဲကို ယဉ်ကျေးမှုပြတိုက်ရှေ့၌ ကျင်းပရာ သံဃာတော်များ၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့် ဇနီး၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်နှင့် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလုကာ၊ ထားဝယ်အမျိုးသားနေ့ ကျင်းပရေးကော်မတီဝင်များ၊ ထားဝယ်တိုင်းရင်းသား တိုင်းရင်းသူများ၊ ဒေသခံတိုင်းရင်းသားများ တက်ရောက်ကြသည်။
ရှေးဦးစွာ မေဃဝတီကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်၊ ထားဝယ်အမျိုးသားနေ့ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးတင်မြနှင့် ဦးစိုးနွယ်တို့က ထားဝယ်အမျိုးသားနေ့မုဒ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
အခမ်းအနားတွင် နိုင်ငံတော်ဩဝါဒစရိယဆရာတော် အဂ္ဂမဟာ ပဏ္ဍိတဘဒ္ဒန္တ သူရိယက ဩဝါဒကထာမြွက်ကြားပြီး ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ထားဝယ်ဒေသ ဖွံ့ဖြိုးမှုအားနည်းစဉ်အတွင်း ထားဝယ်လူမျိုးစု ပျောက်ပျက်မသွားဘဲ ရာစုနှစ်ပေါင်းများစွာ ရေရှည်တည်တံ့စေရန် စောင့်ရှောက်ထိန်းသိမ်းနိုင်သည်ကို တွေ့မြင်ရပါကြောင်း၊ ယခုလို ဖွံ့ဖြိုးတိုးတက်မှု မြင့်မားလာချိန်၌ မူးယစ်ဆေးဝါးသုံးစွဲမှု၊ ပြည်ပမှ အခြားသော ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ ကူးစက်ရောနှောခံရ၍ လူမျိုးစုများ တစ်ဖြည်းဖြည်း ပျောက်ကွယ်မသွားရန် သတိပြုကြရန် လိုပါကြောင်း၊ အလားတူ မျိုးနွယ်စုများ လျော့ပါးပျောက်ကွယ်ရခြင်းသည် ဘာသာစကားစာပေ ပြောဆိုသုံးနှုန်းမှု အလေ့အထ လျော့နည်းလာခြင်းနှင့်အတူ သင်ကြားသင်ယူမှုကဏ္ဍ၌ အားနည်းလာခြင်းတို့ကြောင့် တွေ့မြင်ရကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အပါအဝင် နိုင်ငံတော်က ပံ့ပိုးကူညီပေးနေသော တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် ဥပဒေအရ ပြဋ္ဌာန်းချက်များနှင့်အညီ ရိုးရာပွဲတော်များ ကျင်းပနိုင်ရေး၊ တိုင်းရင်းသားများနှင့် စပ်လျဉ်းသည့် အသင်းအဖွဲ့များ မှတ်ပုံတင်ခွင့်ရရှိရေး စသည့်ကိစ္စရပ်များ၌ တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်မှုရှိမှသာ ပိုမိုထိရောက်နိုင်ပါကြောင်း၊ ထားဝယ်တိုင်းရင်းသားတို့က တိုင်းရင်းသားအခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိရေး၊ လူမျိုးစုများရေရှည် တည်တံ့ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် နိုင်ငံတော်၏ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့တိုးဆောင်ရွက်နိုင်ရေး ကဏ္ဍတို့တွင် တိုင်းရင်းသားလူမျိုး အချင်းချင်း ပူးပေါင်းပါဝင်ကြရန် ပြောကြားသည်။
ဆက်လက်၍ ထားဝယ်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံအကြောင်းကို ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်မြက ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်ထံမှ ပေးပို့လာသော သဝဏ်လွှာကို လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်ကလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပေးပို့လာသော သဝဏ်လွှာကို ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးတင်မြ ကလည်းကောင်း ဖတ်ကြားသည်။
ယင်းနောက် ထားဝယ်အမျိုးသားနေ့အခမ်းအနား ကျင်းပရခြင်းနှင့် ထားဝယ်လူမျိုး ဖြစ်ပေါ်လာပုံအကြောင်းကို ရှင်းလင်းတင်ပြပြီး မေဃဝတီကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဣန္ဒော ဘာသက ထားဝယ်အမျိုးသားနေ့အခမ်းအနား ကျင်းပနိုင်သည့်အတွက် ဝမ်းမြောက်ကျေးဇူးတင်ကြောင်း မိန့်ကြားသည်။
ထို့နောက် ပွဲတော်ဖြစ်မြောက်ရေးအတွက် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနနှင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ ထောက်ပံ့ငွေများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ပေးအပ်ရာ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်မြ ကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ တက်ရောက်လာကြသူများက ခင်ကျင်းပြသထားသော ထားဝယ်လူမျိုးပြကွက်အား လှည့်လည်ကြည့်ရှုကြသည်။ အခမ်းအနား တက်ရောက်လာကြသူများအား ထားဝယ်ရိုးရာ ယဉ်ကျေးမှုအကဖြင့် ဧည့်ခံဖျော်ဖြေသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်သည် ထားဝယ်မြို့ ကမ်းနားလမ်းရှိ ထားဝယ်မြစ်တွင် ကျင်းပသည့် ထားဝယ်ရိုးရာ လှေလှော်သရုပ်ပြပွဲနှင့်ပြိုင်ပွဲ၊ ထားဝယ်ရိုးရာ အားကစားနည်း သရုပ်ပြပွဲနှင့်ပြိုင်ပွဲသို့ ရောက်ရှိခဲ့ရာ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး တိုင်းဒေသကြီး ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးနှင့် ကျင်းပရေးကော်မတီ ဥက္ကဋ္ဌတို့က အားကစားပြိုင်ပွဲဆိုင်းဘုတ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများသည် ထားဝယ်ရိုးရာ လှေလှော်ပြိုင်ပွဲများကို ဒေသခံပြည်သူများနှင့်အတူ ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ ရိုးရာလှေလှော်ပြိုင်ပွဲ ပထမဆုရရှိသည့် အောင်နန်းဆန်အသင်းအား ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ဒိုင်းဆုနှင့်ဆုငွေများ ချီးမြှင့်ပေးခဲ့ပြီး တိုင်းဒေသကြီး ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစောလုကာနှင့် ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်မြတို့က အထူးဆုရရှိသည့် အသင်းများကို ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်