နေပြည်တော် ၂၈ ဇန်နဝါရီ
“ဝ”တိုင်းရင်းသားများ၏ (၄၄)ကြိမ်မြောက် စုပေါင်းနှစ်သစ်ကူးပွဲတော် အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် ဟိုပန်မြို့၌ ကျင်းပသည်။
ရှေးဦးစွာ “ဝ” တိုင်းရင်းသားများ၏ (၄၄)ကြိမ်မြောက် စုပေါင်းနှစ်သစ်ကူးပွဲတော် မုခ်ဦးဆိုင်းဘုတ် ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ထွန်းလူ(ခ)ဦးဒီကီ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျင်ဝမ်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစံအောင်တို့က မုခ်ဦးဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က အမှာစကားပြောကြားရာတွင် တိုင်းရင်းသားများ၏ နှစ်သစ်ကူးပွဲတော်၊ အမျိုးသားနေ့၊ ကောက်သစ်စားပွဲ၊ နေ့ထူးနေ့မြတ်စသော အခမ်းအနားများကို တစ်နှစ်ထက်တစ်နှစ် ပိုမိုစည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်ကို တွေ့မြင်ရပြီး နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားများ၏ မွေးရာပါအခွင့်အရေးများ ဆောင်ရွက်ခွင့်ပေးသည့်အပြင် နိုင်ငံတော်အကြီးအကဲများ ကိုယ်တိုင်တက်ရောက်ခြင်း၊ သဝဏ်လွှာပေးပို့ခြင်း၊ ဘဏ္ဍာရန်ပုံငွေ တစ်နှစ်ထက်တစ်နှစ် ပိုမိုထောက်ပံ့ပေးခြင်းတို့ဖြင့် အားပေးမှုများကို တွေ့မြင်ကြမည်ဖြစ်ပါကြောင်း၊ အခမ်းအနားကျင်းပနိုင်ရေးအတွက် ဒေသတွင်း တရားဉပဒေစိုးမိုးပြီး အေးချမ်းသာယာမှုရှိမှသာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး နယ်မြေအေးချမ်းမှုမရှိပါက ဒေသခံများ၏ ပူးပေါင်းပါဝင်မှု နိုင်ငံတော်အစိုးရ၏ ကူညီထောက်ပံ့မှုကို ရရှိသော်ငြားလည်း အကောင်အထည်ဖော်ရန် ခက်ခဲမည်ဖြစ်ပါကြောင်း၊ မငြိမ်းချမ်းခြင်း၏ ဆိုးကျိုးနှင့် ငြိမ်းချမ်းခြင်း၏ ကောင်းကျိုးရလဒ်ကို ဒေသခံများကိုယ်တိုင် ခံစားရသူများဖြစ်ကြ၍ နားလည်သိရှိပြီးဖြစ်ပါကြောင်း၊ မိမိတို့၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က အကောင်အထည်ဖော် ဆောင်ရွက်နေသော ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်တွင် အားလုံးပူးပေါင်း ပါဝင်ကြရန်လိုပါကြောင်း။
“ဝ”တိုင်းရင်းသားများ အများစုနေထိုင်ကြသော မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းဒေသသည် ရာသီဥတုကောင်းမွန်ပြီး မြေသယံဇာတပေါများသည့် ဒေသတစ်ခုဖြစ်၍ နယ်မြေဒေသ အေးချမ်းပြီး လမ်းပန်းဆက်သွယ်ရေး ယခုထက်ကောင်းမွန်လာပါက ဒေသခံများ စီးပွားရေး တစ်ဟုန်ထိုးတိုးတက်ပြီး ကြွယ်ဝချမ်းသာလာမည်ဖြစ်၍ နိုင်ငံတော်က အားကိုးအားထားပြုရသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတစ်ခုဖြစ်လာရန် ယုံကြည်ပါကြောင်း၊ အထူးသဖြင့် နိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းပြီး ငြိမ်းချမ်းရေးရရှိမှသာ တိုင်းရင်းသားတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် ဆောင်ရွက်ပေးနိုင်မည်ဖြစ်၍ “ဝ”တိုင်းရင်းသားများက ကျရာကဏ္ဍမှ အခြားသော ညီနောင်တိုင်းရင်းသားများနှင့်အတူ ငြိမ်းချမ်းရေး အမြန်ဆုံးရရှိနိုင်ရေးအတွက် စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းပါဝင်ကြစေလိုပါကြောင်း။
“ဝ”နယ်မြေမြောက်ပိုင်း အနောက်ဘက်ခြမ်း ကျေးရွာများတွင် ယနေ့တိုင် နှီးဒေါင်းလန်းကြီးများဖြင့် လက်ရည်တစ်ပြင်တည်း စားသောက်ကြခြင်း၊ အိမ်မှုကိစ္စ ရွာမှုကိစ္စများ၌ တစ်ဦးနှင့်တစ်ဦး ဝိုင်းဝန်းကူညီပေးခြင်းတို့သည် “ဝ” လူမျိုးများ၏ ဓလေ့ထုံးစံ အမူအကျင့်ကောင်းများဖြစ်၍ ယနေ့အထိ မျိုးရိုးစဉ်ဆက် ထိန်းသိမ်းနေသည်ကို သိရသဖြင့် ရေရှည်တည်တံ့ ခိုင်မြဲစေလိုပါကြောင်း၊ စာပေယဉ်ကျေးမှုသည် လူမျိုး၏ အသက်ဖြစ်၍ တိုင်းရင်းသားလူမျိုးများ မပျောက်ပျက်ရေးအတွက် တိုင်းရင်းသားစာပေကို အစိုးရစာသင်ကျောင်းများတွင် တရားဝင်သင်ကြားခွင့်ရရန်၊ နေ့စားလပေး တိုင်းရင်းသားစာပေ သင်ကြားရေးအထောက်အကူပြု Teaching Assistant နှင့် တိုင်းရင်းသားဘာသာ သင်ကြားပေးသည့် Language Assistant ဆရာ ဆရာမများ ခန့်ထားနိုင်ရန်နှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ ရရှိရေးတို့အတွက် ဝန်ကြီးဌာနက ပညာရေးဝန်ကြီးဌာန အပါအဝင် တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ပေးသကဲ့သို့ ရိုးရာယဉ်ကျေးမှုပွဲတော် အခမ်းအနားများ ကျင်းပရာ၌ ခွင့်ပြုချက်များ၊ ရန်ပုံငွေလိုအပ်ချက်များကို ဥပဒေနှင့်အညီ ရရှိရန် ကူညီဆောင်ရွက်ပေးနေပါကြောင်း၊ “ဝ” တိုင်းရင်းသားများကလည်း မိမိတို့၏ အမျိုးအနွယ်ကို စောင့်ထိန်းကြပြီး ရိုးရာယဉ်ကျေးမှုကို မြှင့်တင်ကြရန်နှင့် ဓလေ့ထုံးတမ်းအစဉ်အလာများ ကာကွယ်စောင့်ထိန်းကြပါရန် ပြောကြားသည်။
ယင်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းနှင့် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဋ္ဌကိုယ်စား အဖွဲ့ဝင် ဦးရန်ကျော်တို့က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် ဟိုပန်မြို့နယ် “ဝ” တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့၊ ရှမ်းတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့၊ ကချင်တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့၊ မြောင်ဇီးတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့၊ ကိုးကန့်တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့၊ လီဆူတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့နှင့် လားဟူတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့တို့က ရိုးရာယဉ်ကျေးမှု အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် ပွဲတော်ဖြစ်မြောက်ရေးကော်မတီနှင့် ယဉ်ကျေးမှုအဖွဲ့များအား ပံ့ပိုးငွေနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးခြင်း အစီအစဉ်ကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ‘“ဝ”တိုင်းရင်းသားများ စုပေါင်းနှစ်သစ်ကူးပွဲတော် ဖြစ်မြောက်ရေးကော်မတီ၊ ဟိုပန်မြို့နယ် “ဝ” စာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ လားရှိုး “ဝ” စာပေနှင့်ယဉ်ကျေးမှု အဖွဲ့တို့ကိုလည်းကောင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကို လည်းကောင်း၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်က ကျိုင်းတုံမြို့နယ် “ဝ” စာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ မြောင်ဇီးစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကိုလည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက တန့်ယန်းမြို့နယ် “ဝ” စာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ ဘင်ခရာတီးဝိုင်းအဖွဲ့ ကိုလည်းကောင်း၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ ဥက္ကဋ္ဌကိုယ်စား အဖွဲ့ဝင် ဦးရန်ကျော်က ကိုးကန့်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ ပန်လုံမြို့ “ဝ”ယဉ်ကျေးမှုအဖွဲ့တို့ကိုလည်းကောင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျင်ဝမ်းက လီဆူစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ ကျိုင်းတုံမြို့နယ် “ဝ” စာပေနှင့် ယဉ်ကျေးမှုအဖွဲ့တို့ကိုလည်းကောင်း၊ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်ဦးစံအောင်က လားဟူစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ ဗမာယဉ်ကျေးမှု အဖွဲ့တို့ကိုလည်းကောင်း ပံ့ပိုးငွေနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် “ဝ” ရိုးရာ “အေးဟာဟာ” သီချင်းဖြင့် စုပေါင်းသီဆိုကပြသည့် အစီအစဉ်တွင် တိုင်းရင်းသား တိုင်းရင်းသူများနှင့်အတူ ပါဝင်အားပေးခဲ့ကြသည်။
သတင်းစဉ်