နေပြည်တော် ၁၁ ဒီဇင်ဘာ
တိုင်းရင်းသားလူမျိုးရေးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်သည် ယနေ့ နံနက် ၆ နာရီက မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အလိုတော်ပြည့် စေတီတော်ရင်ပြင်တွင် ကျင်းပသော အလိုတော်ပြည့်စေတီတော်မြတ်ကြီး၏ (၂၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်အောင်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားသို့ တက်ရောက်သည်။
ရှေးဦးစွာ အလိုတော်ပြည့်ကျောင်းတိုက်များ၏ အဓိပတိအဂ္ဂမဟာပဏ္ဍိတအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆုရ ကမ္ဘာလုံးဆိုင်ရာ ဓမ္မငြိမ်းချမ်းရေးဆုရ (Global Dhamma Peace Laureate Golden Awards) ဒေါက်တာဘဒ္ဒန္တအရိယဝံသထံမှ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့်ဇနီး၊ ညောင်ဦးခရိုင်နှင့် မြို့နယ်တို့မှ ဌာနဆိုင်ရာ ပုဂ္ဂိုလ်များ၊ အလှူရှင်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များ ရွတ်ပွားချီးမြှင့်သည့် ပရိတ်တရားတော်များကို နာယူကြသည်။
ယင်းနောက် အလိုတော်ပြည့်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓရုပ်ပွားတော်အား အလှူရှင်များနှင့် ဧည့်ပရိသတ်တို့က ပန်း ရေချမ်း သစ်သီး ဆွမ်း ဆက်ကပ်လှူဒါန်း ပူဇော်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ အလှူရှင်များနှင့် ဧည့်ပရိသတ်တို့က အလိုတော်ပြည့်ကျောင်းတိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တအရိယဝံသထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
ထို့နောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဆက်လက်ကျင်းပရာ ကြွရောက်လာကြကုန်သော ပင့်သံဃာတော်အရှင်သူမြတ်တို့အား နဝကမ္မ အလှူတော်ငွေနှင့် လှူဖွယ်ဝတ္တုပစ္စည်းများကို လှူဒါန်းကုသိုလ်ပြု လောင်းလှူကြကြောင်း သိရသည်။
သတင်းစဉ်