ရန်ကုန်  ၂    ဖေဖော်ဝါရီ  

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်  ကယားပြည်နယ်အစိုးရအဖွဲ့တို့၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းနှင့် ကယားပြည်နယ် တိုင်းရင်းသားလုပ်ငန်းရှင်းများ အသင်းတို့ ဦးဆောင်ကျင်းပသည့် သွေးချင်းတို့ရဲ့ပွဲတော်ဆီ (၂၀၂၀) ပွဲတော်ကြီးကိုရန်ကုန်မြို့ရှိ ကျိုက္ကဆံအားကစားကွင်း၌ ဖေဖော်ဝါရီ (၁) ရက်မှ (၇)ရက်အထိ စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိရာယနေ့ဒုတိယနေ့တွင် အနယ်နယ် အရပ်ရပ်မှ လာရောက်လေ့လာသူပြည်သူများ၊ တိုင်းရင်းသားအဆိုရှင်များ၊ ရိုးရာယဉ်ကျေးမှုများ၊ ညပိုင်းဖျော်ဖြေရေး အစီအစဉ်များဖြင့် အထူးစည်ကားလျက်ရှိသည်။

ယနေ့ညပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်ဦးဆောင်၍ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသဦးစီး ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ တိုင်းရင်းသားလုပ်ငန်းရှင်များသည် တိုင်းရင်းသားရိုးရာ ပြခန်းများကိုကြည့်ရှု လေ့လာပြီး ရခိုင်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း(ဗဟို)မှ စီစဉ်ခင်း ကျင်းပြသသော ရခိုင်တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပြခန်းတွင် ရခိုင်တိုင်းရင်းသား ရိုးရာ အစားအစာများဖြင့် တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျိုက္ကဆံအားကစားကွင်းရှိဖျော်ဖြေ ရေးစင်မြင့်၌ တိုင်းရင်းသားအဆိုရှင်များ၏ သီဆိုဖျော်ဖြေမှုများ၊ တိုင်းရင်းသားများ၏ ယဉ်ကျေးမှုအကအလှ ဖျော်ဖြေတင်ဆက်မှုများကိုကြည့်ရှုအားပေးကြသည်။

 

a

 

ပွဲတော်တွင် တိုင်းရင်းသားရိုးရာပြခန်းများ၊ တိုင်းရင်းသားရိုးရာအစားအသောက်နှင့် အဝတ်အထည်များ၊ တိုင်းရင်းသားဒေသထုတ်ကုန်များကို ခင်းကျင်းပြသရောင်းချလျက်ရှိရာ လာရောက်လေ့လာဝယ်ယူသူများဖြင့် အထူးစည်ကားလျက်ရှိသည်။ 

ယခုပွဲတော်ကြီးတွင် တိုင်းရင်းသားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုများရရှိ စေရန်၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်၊ တိုင်းရင်းသားအချင်းချင်းစည်းလုံးညီညွတ်မှုများ တိုးတက်ဖြစ်ထွန်းစေရန်၊ ရိုးရာအစားအစာများနှင့် ယဉ်ကျေးမှုများအချင်းချင်းဖလှယ်ကြရန် ရည်ရွယ်၍ ပွဲတော်ကျင်းပရခြင်းဖြစ်သည်။ 

(သတင်းစဉ်)