ရန်ကုန် ၃ ဖေဖော်ဝါရီ

 

တိုင်းရင်းသားဒေသထုတ်ကုန်များ ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကျိုက္ကဆံကွင်း၌ ကျင်းပသည်။

 

ဖွင့်ပွဲအခမ်းအနားကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ အာခါတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးအာဗေလ၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးခင်မောင်မြင့်(ခ)ဦးဒိတ်၊ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးယောဆက်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များသည် ခန်းမအတွင်း ခင်းကျင်းရောင်းချလျက်ရှိသည့် တိုင်းရင်းသားဒေသထုတ်ကုန်များ၊ တိုင်းရင်းသားရိုးရာ အစားအသောက်များ၊ ရိုးရာယဉ်ကျေးမှု၊ အသုံးအဆောင်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်း အရောင်းပြခန်းများကို ကြည့်ရှုအားပေးကြသည်။

 

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များသည် တိုင်းရင်းသားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုများရရှိစေရန်၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းများတွင် တဖက်တလမ်းမှ အထောက်အကူပြုစေရန်၊ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုများ တိုးတက်ဖြစ်ထွန်း စေရန်၊  ရိုးရာအစားအစာများနှင့် ယဉ်ကျေးမှုများအချင်းချင်း ဖလှယ်ကြရန် ရည်ရွယ်ပြုလုပ်သည့် တိုင်းရင်းသားများ၏ ရိုးရာအစားအစာများဧည့်ခံပွဲသို့ တက်ရောက်ကြရာ “ဝ” တိုင်းရင်းသားများ၏ ရိုးရာအစားအစာများနှင့် တည်ခင်းဧည့်ခံကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျိုက္ကဆံအားကစားကွင်းရှိ ဖျော်ဖြေရေး စင်မြင့်၌ တိုင်းရင်းသားအဆိုရှင်များ၏ သီဆိုဖျော်ဖြေမှုများ၊ တိုင်းရင်းသားများ၏ ယဉ်ကျေးမှုအက အလှ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးသည်။

 

သွေးချင်းတို့ရဲ့ပွဲတော် (၂၀၂၀)ကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့်  ကယားပြည်နယ်အစိုးရအဖွဲ့တို့၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းနှင့် ကယားပြည်နယ် တိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းတို့ ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ယနေ့တတိယ‌မြောက်နေ့တွင် ပွဲတော်သို့ အနယ်နယ်အရပ်ရပ်မှ တိုင်းရင်းသားပြည်သူများ စည်ကားသိုက်မြိုက်စွာ လာရောက်လည်ပတ်ကြပြီး ပွဲတော်သို့ လာရောက်လည်ပတ်သော မိဘပြည်သူများအား ကယားတိုင်းရင်းသားရိုးရာ တံခွန်တိုင်အကနှင့် အတူ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များက တိုင်းရင်းသားရိုးရာအကအလှများဖြင့် ကပြဖျော်ဖြေကြသည်။

 

သတင်းစဉ်