နေပြည်တော် ၂၆ နိုဝင်ဘာ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်သည် ယနေ့ ညနေ ၃ နာရီခွဲတွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၊ ဆန်းချီတိုးချဲ့ရပ်ကွက် ဇလပ်ဖြူလမ်းနှင့် ယင်းမာလမ်းကြား၊ အကွက်အမှတ် ၂၄ တွင် တနင်္သာရီတိုင်းဒေသကြီး ဦးစီးဌာနညွှန်ကြားရေးမှူရုံး တည်ဆောက်မည့်မြေနေရာသို့ ရောက်ရှိကာ ရုံးအဆောက်အဦ တည်ဆောက်နိုင်ရေးအတွက် မြေပြုပြင်ခြင်းလုပ်ငန်းပြီးစီးမှုကို ကြည့်ရှုစစ်ဆေးရာ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလုကာနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ပြည်ထောင်စုဝန်ကြီးက ရုံးအဆောက်အဦကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ရန် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ရရှိပြီးဖြစ်၍ ရုံးအဆောက်အဦ ဆောက်လုပ်ရေးနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အပ်နှံထားပြီးဖြစ်ပါကြောင်း၊ တင်ဒါစည်းမျဉ်းစည်းကမ်းနှင့်အညီ တင်ဒါခေါ်ယူ ရွေးချယ်နိုင်ရေး၊ တည်ဆောက်ရေးလုပ်ငန်းများကို အစိုးရအဖွဲ့မှ ကြီးကြပ်၍ စံချိန်စံနှုန်းနှင့် အရည်အသွေး ထိန်းသိမ်းပြီး ဘဏ္ဍာနှစ်အတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်သွားရန်၊ ဒေသနှင့်ကိုက်ညီသော အခင်းအကျင်းများ၊ ပတ်ဝန်းကျင်မြေပြင် အခြေအနေနှင့်အညီ ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားသည်။
တနင်္သာရီတိုင်းဒေသကြီး ဦးစီးဌာန ညွှန်ကြားရေးမှူးရုံး အဆောက်အဦတည်ဆောက်မှုတွင် ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်၌ မြေပြုပြင်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးခဲ့ရာ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်၌ တနင်္သာရီတိုင်းဒေသကြီး ဦးစီးဌာန ညွှန်ကြားရေးမှူးရုံး အဆောက်အဦ ပေ ၆၀ x ပေ ၈၀ သံကူကွန်ကရစ် ၂ ထပ် တည်ဆောက်ခြင်း အပါအဝင် ခြံစည်းရိုးကာရံခြင်း၊ ဂိတ်တံခါး၊ အဝင်လမ်းခင်းခြင်း၊ ပြင်ပရေသွယ်တန်းခြင်း၊ ပြင်ပလျှပ်စစ်မီး သွယ်တန်းခြင်း၊ ကားပါကင်နှင့် ချဉ်းကပ်လမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဧည့်ရိပ်သာခန်းမ၌ ထားဝယ်မြို့ရှိ ထားဝယ်၊ ကရင်နှင့် မွန်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအား တွေ့ဆုံ၍ တိုင်းရင်းသားများက တိုင်းရင်းသားအခွင့်အရေးကိစ္စ၊ စာပေယဉ်ကျေးမှုကိစ္စတွင် နစ်နာဆုံးရှုံးမှုများရှိပါက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးရုံးများတွင် သွားရောက်တင်ပြနိုင်ပါကြောင်း၊ ရှေးယခင်က ကမ္ဘာပေါ်တွင် လူမျိုးပေါင်း (၇၀၀၀) ကျော်ရှိပြီး ယနေ့စစ်တမ်းအရ လူမျိုးပေါင်း (၃၀၀၀)ကျော်သာ ကျန်ရှိသည်ဟု သိရပါကြောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအနေဖြင့် တိုင်းရင်းသားတို့၏ လူမျိုးစကားစာပေ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းများကို ကော်မတီအဆင့်ဆင့်ဖွဲ့စည်းပြီး အဓိက ထိန်းသိမ်းစောင့်ရှောက်သွားရန် လိုပါကြောင်း၊ တိုးတက်ဖွံ့ဖြိုးနေသည့် ကမ္ဘာ့ရေစီးကြောင်း၌ တိုင်းရင်းသားများက ရင်ဘောင်တန်းနိုင်ရေးအတွက် စာပေဗဟုသုတနှင့် ဉာဏ်ပညာထက်မြတ်ရန် ကြိုးစားကြရမည်ဖြစ်ပြီး တိုင်းရင်းသားလူမျိုးများကို ဦးဆောင်သည့် ခေါင်းဆောင်များက စည်းလုံးညီညွတ်ကြရန်လိုပါကြောင်း၊ ထာဝရငြိမ်းချမ်းသည့် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေး တိုင်းရင်းသားများ အားလုံးပူးပေါင်းကြရန် ပြောကြားသည်။
ထို့နောက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလုကာက နှုတ်ခွန်းဆက်စကားပြောကြားသည်။
ယင်းနောက် ထားဝယ်၊ ကရင်နှင့် မွန်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက စာပေယဉ်ကျေးမှုကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြပြီး ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလုကာတို့က ပြန်လည်ရှင်းလင်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်


