နေပြည်တော် ၁၁ အောက်တိုဘာ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တိုင်းရင်းသားရေးရာနှင့် ဘာသာ ရေးရာကော်မရှင် ဒုတိယစစ်ဆေးရေးမှူး Mr. YU Fei ဦးဆောင်သည့် အဖွဲ့ဝင် ၆ ဦးပါ ကိုယ်စားလှယ် အဖွဲ့အား ယနေ့ နံနက် ဝ၈:၃၀ နာရီအချိန်၌ နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနှင့် တရုတ်နိုင်ငံတို့ရှိ တိုင်းရင်းသားလူမျိုးများ၏ ကိုးကွယ်သည့်ဘာသာ သာသနာတို့ကို လွတ်လပ်စွာဆောင်ရွက်ခွင့်ရှိရေး အပါအဝင် တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ နှစ်နိုင်ငံ တိုင်းရင်းသားလူမျိုးစု ဘိုးဘေးများ သမိုင်းကြောင်းအရ နီးစပ်နေမှုများ တူညီမှုများကို အခြေခံ၍ စီးပွားရေး လူမှုရေးအရ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ ရခိုင်တိုင်းရင်းသားရေး အပါအဝင် မြန်မာ-တရုတ်နယ်စပ်ရှိ တိုင်းရင်းသားလူမျိုးစုများ ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်တွင် အိမ်နီးနားချင်းပေါက်ဖော်များ၏ တာဝန်အရ ကူညီရပ်တည်ပေးနေမှုအခြေအနေများ၊ တိုင်းရင်းသား တို့၏ ယဉ်ကျေးမှုနှင့် စကား စာပေ သင်ကြားရေးကိစ္စရပ်များ၊ တိုင်းရင်းသားများ တန်းတူ အခွင့်အရေး ရရှိရေးနှင့် ဆင်းရဲမှု ပပျောက်စေရေးအတွက် ဥပဒေ နည်းဥပဒေနှင့် တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ ရေးဆွဲထားရှိ၍ အကောင်အထည်ဖော် ဆောင်ရွက် နေမှုအခြေအနေ၊ မြန်မာနိုင်ငံနှင့် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့အကြား နှစ်ဦး နှစ်ဘက် အကျိုးစီးပွားများ တိုးတက်ရရှိရေးအတွက် ဆက်သွယ်ဆောင်ရွက်သွားမည့် နည်းလမ်း များကို အမြင်ချင်းဖလှယ်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
အဆိုပါကိုယ်စားလှယ်အဖွဲ့သည် ၁၀-၁၀-၂၀၁၉ ရက်နေ့တွင် ရန်ကုန်မြို့ အမျိုးသား ပြတိုက်သို့ သွားရောက်လေ့လာခဲ့ပြီး ရန်ကုန်အမျိုးသားပြတိုက် တာဝန်ခံများ၊ ဝန်ကြီးဌာန တာဝန်ရှိ သူများနှင့် တွေ့ဆုံ၍ တိုင်းရင်းသားများ၏ ရိုးရာအမွေအနှစ်များကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခြင်း၊ ပြပွဲများ ခင်းကျင်းပြသခြင်းဆိုင်ရာ ဆောင်ရွက်ချက်များ၊ ဖွံ့ဖြိုးတိုးတက်စေမည့် နည်းလမ်းများ၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခြင်းဆိုင်ရာ ကိစ္စရပ် များကို အမြင်ချင်း ဖလှယ်ခဲ့ကြသည်။တွေ့ဆုံပွဲမတိုင်မီ ဧည့်သည်တော်အဖွဲ့သည် ဝန်ကြီးဌာနရှိ ခင်းကျင်းပြသထားသည့် တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်မှုနှင့် အသုံးအဆောင်ပစ္စည်းများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။
တွေ့ဆုံပွဲသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
MDN


