နေပြည်တော် ၁ ဒီဇင်ဘာ

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်‌ထောင်စုဝန်ကြီး ဉီးအုန်းမောင်နှင့် ဒုတိယဝန်ကြီး ဉီးတင်လတ်တို့သည် ယမန်နေ့ညနေပိုင်းတွင် ရန်ကုန်မြို့ ၊ Pullman Yangon Centre point Hotel ၌ ကျင်းပပြုလုပ်သည့် ဂျပန်နိုင်ငံမှလာရောက်သော JATA FAM Trip ခရီးစဉ်ကိုယ်စားလှယ်များအား ကြိုဆိုသည့် ညစာစားပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

 

ညစာစားပွဲ၌ ပြည်ထောင်စုဝန်ကြီးမှ နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ဂျပန်လူမျိုးခရီးသွား များ မြန်မာနိုင်ငံသို့ တိုးတက်ဝင်ရောက်ရေးအတွက် ယခုကဲ့သို့ FAM Trip ခရီးစဉ်များ စီစဉ်ဆောင် ရွက်ခြင်းဖြစ်ပါကြောင်း၊ ခရီးသွားမြှင့်တင်ရေးအစီအစဉ်များ ဆောင်ရွက်ရာတွင် ဈေးကွက်အလိုက် လုပ်ငန်းအဖွဲ့များဖွဲ့စည်းခြင်း၊ ဗီဇာပေါ်လစီများဖြေလျော့ပေးခြင်း၊ နိုင်ငံတကာခရီးသွားပြပွဲများတွင် ဝင်ရောက်ပြသခြင်း၊ Digital Marketing ဖြင့် ခရီးသွားများ ပိုမိုသိရှိလာရောက်လည်ပတ်ရန် ဆောင်ရွက်ခြင်း၊ ယခုကဲ့သို့ FAM Trip ခရီးစဉ်များ စီစဉ်ဆောင်ရွက်ခြင်းတို့ဖြင့် ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ယခုအစီအစဉ်တွင် လိုက်ပါလာသည့် ကိုယ်စားလှယ်များအနေဖြင့် ဂျပန်နိုင်ငံသို့ ပြန်လည်ရောက်ရှိသည့်အခါ မြန်မာနိုင်ငံ၏သာယာလှပမှု၊ ငြိမ်းချမ်းဖွံ့ဖြိုးမှုနှင့် လည်ပတ်ချင်စရာ ကောင်းသော ခရီးစဉ်ဒေသတစ်ခုဖြစ်မှုတို့ကို တွေ့ကြုံခံစားခဲ့ရသည့် ပကတိအတိုင်းပြန်လည်မျှ ဝေပေးစေလိုပါကြောင်း၊ မြန်မာနိုင်ငံခရီးစဉ်အတွင်း အားလုံးအဆင်ပြေချောမွေ့စေလိုပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး၊ နှင့် JATA FAM Trip အဖွဲ့ တာဝန်ရှိသူတို့မှ အသီးသီးနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြပြီး ညစာစားပွဲကို ညပိုင်းတွင် ရုပ်သိမ်းခဲ့သည်။

 

အဆိုပါညစာစားပွဲသို့ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဉီးစီးဌာန၊ ညွှန်ကြားရေးမှုးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်း တာဝန်ရှိသူများ၊ JATA FAM Trip အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အဆိုပါအဖွဲ့ဝင်များသည် မြန်မာနိုင်ငံခရီး စဉ်အတွင်း ရန်ကုန် ၊ ပုဂံ နှင့်အင်းလေးဒေသတို့သို့ နိုဝင်ဘာ ၃၀ ရက် မှ ဒီဇင်ဘာ ၄ ရက်နေ့ အထိသွားရောက် လေ့လာကြည့်ရှုကြမည်ဖြစ်သည်။

 

 

ပြည်ထောင်စုဝန်ကြီးနှင့်ဒုတိယဝန်ကြီးတို့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ၊ ဗိုလ်ဆွန်ပက် လမ်းရှိ Center for Tourism Development တွင်ပြုလုပ်သည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း မြှင့်တင်ရေးညှိနှိုင်းအစည်းအဝေး သို့တက်ရောက်သည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အစိုးရ ကဏ္ဍအပြင် ပုဂ္ဂလိကကဏ္ဍမှလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတကာသို့ နှစ်စဉ်သွားရောက်ပြသလျက်ရှိသည့် ခရီးသွားပြပွဲများကို ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်လည်း ဆက်လက်ပြသသွားမည်ဖြစ်ပါကြောင်း၊ အဆိုပါပြပွဲများသို့ သွားရောက် ပြသရာတွင် ထိရောက်မှုရှိစေရန်အတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ သို့ဖြစ် ပါ၍တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးအကြံပြုစေလိုပါကြောင်း စသည်ဖြင့် ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးမ ှပြောကြားရာတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေး တွင် အသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ဆွေးနွေးကြသဖြင့် ဝမ်းမြောက်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်းများ လုပ်ကိုင်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် ပန်ပက် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းကဲ့သို့ နေရာများနှင့် မိုးကုတ်ကဲ့သို့နေရာများကို ဧည့်သည် များ သွားလာလည်ပတ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထို့အပြင်ခရီးသွားဧည့်သည် များကို ခရီးသွားလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များ ဖြန့်ဝေသည့် Information Center များကို အဆင့်မြှင့်ဆောင်ရွက်သွားရန်ရှိပါကြောင်း၊ ဝန်ကြီးဌာနမှ လွှင့်တင်ထားသည့် Tourism Web Portal ကိုလည်း ဘာသာစကား(၁၀)မျိုးဖြင့် ကြည့်ရှုနိုင်ရေးဆောင်ရွက်လျှက်ရှိပါကြောင်း၊ ဌာန၏လုပ်ငန်းစဉ်များ မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ရေးအတွက်လည်း E – Government စနစ် သို့ သွားနိုင်ရေးနှင့် Less Paper ဖြစ်အောင်လည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

 

ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဉီးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါ်ခင်သန်းဝင်း နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဉက္ကဋ္ဌ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း စျေးကွက်မြှင့်တင်ရေးအသင်း တာဝန်ရှိသူများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့ တာဝန်ရှိသူများမှ ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေး တင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များ ဖြည့်စွက်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)