နေပြည်တော် ၁၄ ဩဂုတ်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်သည် နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဉီးစီးဌာန ရုံးခွဲတာဝန်ခံများအား ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမမှ Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးတင်လတ်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်က ယခုအခါ ဝန်ကြီးဌာန၏ ဆောင်ပုဒ်ကို ‘ခရီးသွားများ၊ ခရီးသွားလုပ်ငန်းများမှသည် ပြည်သူဆီသို့’ ဟု ပြောင်းလဲသတ်မှတ် ခဲ့ပြီး ဆောင်ပုဒ်အတိုင်း ပြည်သူများကို ဝန်ဆောင်မှုပေးနိုင်သည့် Service Ministry ဖြစ်လာရန် ဉီးတည်ဆောင်ရွက်နေပါကြောင်း၊ ဝန်ဆောင်မှုပေးရာတွင် သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့် အညီ ပြည်သူများ၏ လိုအပ်ချက်များကို အမြန်ဆုံးတုန့်ပြန်ဖြည့်ဆည်းပေးနိုင်ရန်နှင့် ကျင့်ဝတ် သိက္ခာနှင့်အညီ အရည်အချင်းပြည့်ဝသည့် ပြည်သူဗဟိုပြု ဝန်ထမ်းများ ဖြစ်လာစေရန် ရည်ရွယ်၍ ဝန်ကြီးဌာနမှ ဝန်ထမ်းများ ဝန်ဆောင်မှုလက်စွဲစာအုပ်ကို ပြုစုပြီးပါကြောင်း၊ ကိုဗစ်-၁၉ ကာလနှင့် ကြုံတွေ့နေချိန် ခရီးသွားလုပ်ငန်း ပြန်လည်ဉီးမော့လာရန် ဝန်ကြီးဌာနမှဉီးဆောင် ဆောင်ရွက် သွားမှာဖြစ်ပြီး Private Sector နှင့် ပူးပေါင်းဆောင်ရွက်ရာတွင် ဝန်ကြီးဌာန ဝန်ထမ်းများမှ ဝန်ကြီးဌာန၏ မူဝါဒ၊ ဉီးတည်ချက်၊ လုပ်ငန်းစဉ်များကို ကျေကျေညက်ညက်သိရှိ ပူးပေါင်းပါဝင် ထိန်းကျောင်း ဆောင်ရွက်နိုင်ရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် ယနေ့ ကိုဗစ်-၁၉ ကာလအတွင်း၌ ခရီးသွား လုပ်ငန်းမှတစ်ဆင့် ရောဂါပျံ့ပွားမှုမရှိအောင် ဟိုတယ်များ၊ ခရီးသွားလုပ်ငန်းများနှင့် ခရီး သည်များကို လိုအပ်သည့် အသိပေးထိန်းကျောင်း ကြပ်မတ်မှုများကို ဒေသလိုအပ်ချက်အပေါ် မူတည်ဖွဲ့စည်း ထားသည့် ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့ (DMO) များက ထဲထဲဝင်ဝင် ဉီးဆောင် ဆောင်ရွက် ကြရမှာဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် COVID-19 Tourism Relief Plan ကို ရေးဆွဲ၍ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဆက်စပ်လုပ်ငန်းများကို တတ်နိုင်သမျှ ပံ့ပိုးကုစားပေးရန် အတွက် COVID-19 Relief Package တွင်ပါသော နေ့တွက်ခပေးသည့် သင်တန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးတွင် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး ပြည်နယ်များတွင် လက်ရှိဆောင်ရွက်လျက်ရှိသည့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း လိုင်စင်များ ထုတ်ပေးခွင့် ပြုရာတွင် ကြန့်ကြာမှုမရှိစေရေးအတွက် စီမံဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဉီးတင်လတ်က တိုင်းဒေသကြီး ပြည်နယ်များ၏ ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်တွင်းခရီးသွားလုပ်ငန်းကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုကော်မတီ (DMO) များမှ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် လိုအပ်မှာဖြစ်ပါကြောင်း၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီများ၏ အတွင်းရေးမှူးများဖြစ်သည့် မိမိတို့ရုံးခွဲ တာဝန်ခံများကလည်း ခရီးစဉ်ဒေသဖွံ့ဖြိုးရေး၊ သန့်ရှင်း သာယာလှပရေးနှင့် Physical Distancing ဖြင့် ခရီးစဉ်ဒေသများ ပိုမိုဖွင့်လှစ်သွားနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲ (၁၅) ခုမှ ရုံးခွဲ တာဝန်ခံများမှ လက်ရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းလိုင်စင်များ ထုတ်ပေးနေမှု၊ ခရီးစဉ် ဒေသစီမံခန့်ခွဲမှုအဖွဲ့(DMO) ဖွဲ့စည်းဆောင်ရွက်နေမှုများ၊ ကိုဗစ်-၁၉ ကုစားရေး Package သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်နေမှုများ၊ ဒေသအလိုက် ခရီးသွားဆွဲဆောင်မှုနေရာများ၊ စည်းမျဉ်း စည်းကမ်း နှင့်အညီ စနစ်တကျပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်နေမှုများနှင့် ခရီးစဉ်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများကို အသီးသီးဆွေးနွေးတင်ပြရာ ဒုတိယဝန်ကြီး နှင့် ညွှန်ကြားရေးမှူးချုပ်တို့က ပြန်လည်ဆွေးနွေးပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)