mdn

နေပြည်တော်    ၂  နိုဝင်ဘာ

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးအုန်းဝင်းသည် အာရှဒေသသစ်တောပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Asian Forest Cooperation Organization-AFoCO)နှင့် ကိုရီးယားသစ်တောဌာန (Korea Forest Service-KFS)၏ ဖိတ်ကြားချက်အရ အောက်တိုဘာ(၃၀)ရက်မှ (၃၁)ရက်အထိ ကိုရီးယား နိုင်ငံ၊ ဆိုးလ်မြို့(Lotte Hotel)တွင် ကျင်းပသော အာရှဒေသသစ်တော ပူးပေါင်း ဆောင် ရွက်ရေးအဖွဲ့ (Asian Forest Cooperation Organization-AFoCO) ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် အာဆီယံ-ကိုရီးယားဝန်ကြီးများအစည်းဝေးများသို့ ကိုရီယားနိုင်ငံ မြန်မာ နိုင်ငံဆိုင်ရာ သံအမတ်ကြီး ဉီးသန့်စင်၊ သစ်တောဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်တို့နှင့်အတူ တက်ရောက်သည်။

 

ပြည်ထောင်စုဝန်ကြီးသည် အောက်တိုဘာ(၃၀) ရက်၌ အာရှဒေသသစ်တော ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (Asian Forest Cooperation Organization-AFoCO) ဝန်ကြီးများအဆင့် အစည်းအဝေးသို့ တက်ရောက်ပြီး သစ်တောများ ထာဝစဉ်တည်တံ့ရေးနှင့် စနစ်တကျအသုံးပြုရေးသည် မိမိတို့အတွက်သာမကမိမိတို့၏ အနာဂတ်မျိုးဆက်သစ်များအတွက် အထူးအရေးကြီးပါကြောင်း၊ သို့သော်လည်း မြန်မာနိုင်ငံအပါအဝင် အာရှနှင့် ပစိဖိတ်ဒေသတွင်းနိုင်ငံများတွင် သစ်တောပြုန်းတီးခြင်းနှင့်အတူ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများ လျော့နည်းဆုံးရှုံးလာလျှက်ရှိပါကြောင်း၊ သစ်တောပြုန်းတီးခြင်းနှင့်အတူ နောက်ဆက်တွဲအကျိုးဆက်အဖြစ် ရာသီဥတုပြောင်းလဲခြင်း၊ သဲကန္တာရဖြစ်ထွန်းခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ လျော့ပါးလာခြင်း၊ ဆင်းရဲနွမ်းပါးမှုပိုမိုများပြားလာခြင်းနှင့် သဘာဝဘေး အန္တရာယ်အမျိုးမျိုးတို့ကို ရင်ဆိုင်ကြရလျှက်ရှိပါကြောင်း၊ ရာသီဉတုပြောင်းလဲမှု လျှော့ချရေး၊ သစ်တောများ ထာဝစဉ် တည်တံ့စေရေးနှင့် တောနိမ့်တောပျက်များ ပြန်လည်တည်ထောင် ရေးလုပ်ငန်းများကိုလည်း မိမိနိုင်ငံ၏ လိုအပ်ချက်ပြည့်မီရုံသာမက စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်များ (SDG) ၊ ဘွန်းစိန်ခေါ်မှုများနှင့် ပဲရစ်သဘောတူညီချက် အစရှိသည့် အပြည်ပြည် ဆိုင်ရာ ကတိကဝတ်များ ဖြည့်ဆည်းနိုင်ရေးအတွက်ကိုပါ ရည်မှန်းဆောင်ရွက်လျှက်ရှိပါ ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာရှဒေသသစ်တော ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (AFoCO) ၏ အထောက်အပံ့ဖြင့် မှော်ဘီမြို့နယ်တွင် တည်ထောင်ထားသော သစ်တောကဏ္ဍဆိုင်ရာ ဒေသအဆင့် ပညာရေးနှင့် လေ့ကျင့်ရေး သင်တန်းကျောင်း (Regional Education and Training Centre-RETC)တွင် AFoCO အဖွဲ့ဝင် နိုင်ငံများအတွက် သင်တန်းများစဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချပေးလျှက် ရှိပါကြောင်း၊

 

AFoCOအဖွဲ့အစည်းအနေဖြင့် အနာဂတ်ကာလတွင်လည်း အဖွဲ့ဝင်နိုင်ငံများ၏ သစ်တော ကဏ္ဍဆိုင်ရာ နည်းပညာများ၊ ရန်ပုံငွေနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုး တက်ရေး၊  အပြည်ပြည်ဆိုင်ရာ ကတိကဝတ်များ ဖြည့်ဆည်းဆောင်ရွက်ရာတွင် အထောက် အကူပြု စေနိုင်ရေး၊ ဒေသတွင်း သစ်တောထိန်းသိမ်းရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန် အဟုန်ဖြင့် တိုးတက်လာစေရေးအတွက် ဆက်လက်ပံ့ပိုးကူညီပေးရေးဆွေးနွေးသည်။

 

အောက်တိုဘာ (၃၁) ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မလေးရှားနိုင်ငံ ရေ၊ မြေယာနှင့်သဘာဝသယံဇာတဝန်ကြီးဌာန ဝန်ကြီး Mr. Xavier Jayakumai Arulanandanနှင့် အဖွဲ့နှင့် ကိုရီးယားသစ်တောဌာန (Korea Forest Service-KFS) ဝန်ကြီး Dr. Kim Jea Hyun နှင့် သီးခြားစီတွေ့ဆုံဆွေးနွေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံ-ကိုရီးယားဝန်ကြီးများအစည်းဝေးသို့ တက်ရောက်သည်။ အစည်းအဝေးတွင်ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးရာ၌ မြန်မာနိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့သည် ၁၉၉၉ ခုနှစ်မှ စတင်ပြီး သစ်တောကဏ္ဍပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ကြောင်း၊ အာဆီယံ-ကိုရီးယား ပတ်ဝန်းကျင် ထိန်းသိမ်းရေးစီမံကိန်း ၊ အာဆီယံ-ကိုရီးယား သစ်တောပူးပေါင်းဆောင်ရွက်ရေးစီမံကိန်း များ အထောက်အပံ့ဖြင့် သစ်တောများ ပြန်လည်တည်ထောင်ရေး၊ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်း ရေး၊ သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်း အစားကျဆင်းခြင်းမှ ကာဗွန် ထုတ် လွှတ်မှုလျှော့ချခြင်း (REDD+) နှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ကိုရီးယားနိုင်ငံမှ အဆိုပြုသော အာဆီယံ-ကိုရီးယားအထိမ်းအမှတ် သစ်တောဉယျာဉ် တည်ထောင် ရေးကိုလည်းကြိုဆို ပါကြောင်း။

 

အာရှသစ်တောပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Asian Forest Cooperation Organization - AFoCO) ၏ အထောက်အပံ့ဖြင့် မြန်မာနိုင်ငံသစ်တော ဉီးစီးဌာနက အကောင်အထည်ဖေါ် ဆောင်ရွက်မည့် ကျွန်းစိုက်ခင်းတွင် ကျရောက်သော ပိုးမွှာများ ကာကွယ်နှိမ်နင်းခြင်း သုတေသနစီမံကိန်း၊ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောအင်တာ ပရိုက်များ အခြေပြုစံပြ သစ်တောများ တည်ထောင်ရေးဆိုင်ရာ သုတေသနစီမံကိန်းများနှင့်  တောမီးထိန်းချုပ်ခြင်းဆိုင်ရာ သုတေသနစီမံကိန်းများစတင်ခြင်းအခမ်းအနားသို့တက်ရောက်၍ ကျေးဇူးတင် ဝမ်းမြောက်ကြောင်းပြောကြားသည်။

 

အာရှသစ်တောပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Asian Forest Cooperation Organization - AFoCO) ၏ ဝန်ကြီးအဆင့် အစည်းအဝေးသို့ အဖွဲ့ဝင် (၁၄) နိုင်ငံမှ ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများတက်ရောက်ခဲ့ပြီးအာဆီယံ-ကိုရီးယားအဆင့်မြင့် အရာရှိကြီး များဆွေးနွေးပွဲသို့ ကိုရီးယားနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များတက်ရောက်ခဲ့ကြောင်းသိရသည်။

 

ပြည်ထောင်စုဝန်ကြီးသည် ခရီးစဉ်အတွင်း အောက်တိုဘာ ၂၉ ရက်တွင်  ကိုရီးယား အမျိုးသားသစ်မျိုးစုံဥယျာဉ်နှင့် အောက်တိုဘာ ၃၀ ရက်တွင် Korea Furniture Museum လေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။

 

(သတင်းစဉ်)

mdn

 

mdn