နေပြည်တော်     ဒီဇင်ဘာ

စပိန်နိုင်ငံ မက်ဒရစ်မြို့၌ ရောက်ရှိနေသည့် ပြည်‌‌ထောင်စုဝန်ကြီး ဉီးအုန်းဝင်းသည် ယမန်နေ့မွန်းလွဲပိုင်းတွင် Feria de Madrid ရှိ Exhibition Centre ကိုရီယား သစ်တောဌာနမှ ဉီးဆောင်၍ ရာသီဥတုပြောင်းလဲမှု လျှော့နည်းသက်သာစေရေးအတွက် အထောက်အကူပြုစေသည့် သစ်တောပြုန်းတီးပျက်စီးခြင်းမှ ကာဗွန်ထုတ်လွှတ်မှုလျှော့ချခြင်းနှင့် သစ်တောထိန်းသိမ်းခြင်း ခေါင်းစဉ်ဖြင့် ကျင်းပသည့် အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဉီးအုန်းဝင်းက မြန်မာနိုင်ငံအနေဖြင့် ရာသီဥတုပြောင်းလဲမှုလျော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေးအတွက် မူဝါဒများရေးဆွဲ၍ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်သကဲ့သို့ ကုလသမဂ္ဂကွန်ဗင်းရှင်းများ၏ သဘောတူ ဆုံးဖြတ်ချက်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ သစ်တောပြုန်းတီးပျက်စီးခြင်းမှ ကာဗွန်ထုတ်လွှတ်မှုလျှော့ချခြင်းနှင့် သစ်တောထိန်းသိမ်းခြင်းအတွက် မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေး (၁၀) နှစ်စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ သစ်တောများ ပြန်လည်ဖြစ်ထွန်းလာမှုနှင့်အတူ ဒေသခံများ၏ လူမှုစီးပွားရေးဘဝကို မြှင့်တင်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ နည်းပညာနှင့် ငွေကြေးထောက်ပံ့မှုပေးသည့် ကိုရီးယားသစ်တောဌာနကို ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားသည်။

ထို့နောက် သစ်တောဉီးစီးဌာန၏ ရေဆင်းသစ်တောသုတေသနဌာန ညွှန်ကြားရေးမှူးက မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော သစ်တောပြုန်းတီး ပျက်စီးခြင်းမှ ကာဗွန်ထုတ်လွှတ်မှုလျှော့ချခြင်းနှင့် သစ်တောထိန်းသိမ်းခြင်း စီမံကိန်းဆိုင်ရာ အချက်အလက်များနှင့် အတွေ့အကြုံများ၊ ကမေ္ဘာဒီးယားနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ ၄င်းတို့၏ REDD+ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုင်ရာ အတွေအကြုံများ၊ ရည်မှန်းချက်များ၊  အစိုးရမဟုတ်သော အဖွဲ့အစည်းများဖြစ်သည့် CIFOR နှင့်  Wildlife Works မှ ပညာရှင်များက နိုင်ငံတကာအတွေ့အကြုံများကို ဆွေးနွေးတင်ပြကြသည်။

အလားတူ ပြည်ထောင်စုဝန်ကြီး ဉီးအုန်းဝင်းသည် နံနက်ပိုင်းတွင် Feria de Madrid ရှိ World Wide Fund for Nature (WWF) Pavilion ရာသီဥတုပြောင်းလဲမှု လျော့ချရေးအတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍမှရရှိနိုင်မည့် အခွင့်အလမ်းများခေါင်းစဉ်ဖြင့် ကျင်းပသည့် စကားဝိုင်းဆွေးနွေးပွဲ၊ နယူးဇီလန်နိုင်ငံ၏ Impact of Climate Change on Pacific Blue Economies  ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ၊ အင်္ဂလန်နိုင်ငံ၏ ရာသီဥတုပြောင်းလဲမှုနှင့် ပင်လယ်သမုဒ္ဒရာရှိ သက်ရှိအဖွဲ့အစည်းများအပေါ် အကျိုးသက်ရောက်မှုဆိုင်ရာ သုတေသနစာတမ်းများ ဖတ်ပွဲတို့ကို တက်ရောက်လေ့လာခဲ့သည်။

သတင်းစဉ်