နေပြည်တော် ၂၅ အောက်တိုဘာ
ကမ္ဘာ့ဘဏ်အုပ်စု (The World Bank Group - WBG) နှင့် အပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေအဖွဲ့ (International Monetary Fund – IMF) ၂၀၁၉ ခုနှစ်၊ နှစ်ပတ်လည် မျက်နှာစုံညီ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီတွင် အောက်တိုဘာ ၁၇ ရက်မှ ၂၁ ရက်အထိ ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဉီးစိုးဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့ တက်ရောက် ခဲ့ကြသည်။

နှစ်ပတ်လည်အစည်းအဝေးကို အောက်တိုဘာ ၁၈ ရက်တွင် ဝါရှင်တန်ဒီစီရှိ DAR Building ၏ Constitution Hall တွင် ကျင်းပရာ ကမ္ဘာ့ဘဏ်ဉက္ကဌ Mr. David Robert Malpass နှင့် IMF ဉီးဆောင်ညွှန်ကြားရေးမှူး Ms. KristalinaIvanovaGeorgievaတို့က မိန့်ခွန်း ပြောကြားခဲ့ကြသည်။ အစည်းအဝေးသို့ ကမ္ဘာ့ဘဏ်နှင့် IMF တို့၏ အဖွဲ့ဝင်နိုင်ငံများမှ ဂါဗနာနှင့် တွဲဖက်ဂါဗနာများ တက်ရောက်ခဲ့ကြသည်။

နှစ်ပတ်လည်အစည်းအဝေးနှင့်အတူ ဆက်စပ်အစည်းအဝေးများကိုလည်း ကျင်းပခဲ့ရာ မြန်မာကိုယ်စားလှယ်အဖွဲ့သည် အရှေ့တောင်အာရှနိုင်ငံများ သဘာဝဘေးအန္တရာယ်အာမခံ အကာ အကွယ်ဆိုင်ရာအစည်းအဝေး၊ အရှေ့တောင်အာရှနိုင်ငံများမှ ဂါဗနာများအစည်းအဝေး၊ IMF ဉီးဆောင်ညွှန်ကြားရေးမှူးနှင့် အာဆီယံဂါဗနာများ တွေ့ဆုံဆွေးနွေးပွဲ၊ အာရှ-ပစိဖိတ်ဒေသမှ IMF အဖွဲ့ဝင်နိုင်ငံများ ဆွေးနွေးပွဲများသို့လည်း ပါဝင်တက်ရောက်ခဲ့ကြသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘာ့ဘဏ်အုပ်စု၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယဉက္ကဌ Ms. Victoria Kwakwa နှင့်လည်း သီးသန့်တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ကမ္ဘာ့ဘဏ်က ဆောင်ရွက်ပေးနိုင်မည့်လုပ်ငန်းစဉ်များ၊ ဆက်လက်ပံ့ပိုးကူညီပေးမည့် ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ IMF Fiscal Affairs Department မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေး နွေးရာတွင် မြန်မာနိုင်ငံ၏ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ IMF က နည်းပညာအကူအညီများအား ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ပြီး နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်း များအပေါ် ကြီးကြပ်ကွပ်ကဲမှုများနှင့် စပ်လျဉ်း၍ ကမ္ဘာ့ဘဏ်နှင့်ပူးပေါင်းကာ အကူအညီများ ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘာ့ဘဏ် အရှေ့တောင်အာရှမဲပေးအုပ်စု၏ အမှုဆောင်ဒါရိုက်တာ၊ OECD, JBIC နှင့် IFC တို့၏ ဒုတိယဉက္ကဌများနှင့်လည်း တွေ့ဆုံဆွေးနွေး ခဲ့သည်။
အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် ကမ္ဘာ့ဘဏ်ရုံးချုပ် တွင် အောက်တိုဘာ ၂၁ ရက်၌ ကျင်းပသည့် မြန်မာနိုင်ငံ၏ဘဏ္ဍာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်သူများ၏ မေးမြန်း မှုများအပေါ် ရှင်းလင်းဖြေကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြန်မာသံရုံး၌ ဒုတိယဝန်ကြီး၊ မြန်မာသံအမတ်ကြီး ဉီးအောင်လင်းတို့နှင့်အတူ အမေရိကန်ပြည်ထောင်စု၊ ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သီးခြား တွေ့ဆုံ၍ နှစ်နိုင်ငံဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ဖြေရှင်းဆောင်ရွက်ရန် ကျန်ရှိသည့်အချက်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


