နေပြည်တော်  ၂၀  အောက်တိုဘာ 

ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ရွှေတောင်ဟိုက်ဝေး ကုမ္ပဏီလီမိတက် မှ B.O.T စနစ်ဖြင့် တာဝန်ယူဆောင်ရွက်သည့် စစ်ကိုင်း - မုံရွာ (၄)လမ်းသွား ကတ္တရာ ကွန်ကရိ(မုံရွာခရိုင်)လမ်းပိုင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် အဆိုပါလမ်း အပိုင်းရှိ မင်္ဂလာမဏ္ဍပ်၌ ကျင်းပသည်။ 

 

ေ

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဉီးဟန်ဇော်က ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် အကျိုးတူပူးပေါင်း၍ လမ်း - တံတား လုပ်ငန်းများကို B.O.T စနစ်ဖြင့် ပြည်တွင်းလုပ်ငန်းရှင် များနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ လမ်း - တံတား လုပ်ငန်းများ ကို B.O.T စနစ်ဖြင့် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်မှ B.O.T လုပ်ငန်းများတွင် ဘဏ္ဍာ ငွေကြေးစိုက်ထုတ်သုံးစွဲရန် မလိုအပ်ဘဲ အခြားသော ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍ များတွင် အသုံးပြုခြင်းဖြင့် ကဏ္ဍပေါင်းစုံ တိုးတက်မည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ကြောင်း။

မြန်မာနိုင်ငံ၏ လမ်း - တံတား လုပ်ငန်းများကို B.O.T စနစ်ဖြင့် ၁၉၉၆ ခုနှစ်က လားရှိုး - မူဆယ်လမ်းအပိုင်းမှ စတင်ဆောင်ရွက်ခဲ့ရာ ယခုတိုင်းရင်းသား B.O.T ကုမ္ပဏီပေါင်း ၂၅ ဖွဲ့ မှ လမ်းမိုင်ပေါင်း ၃၀၂၅ မိုင်ကို အဆင့်မြှင့်တင် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ B.O.T ကုမ္ပဏီ များ၏ လမ်း - တံတား တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ခေတ်စနစ်နှင့် မကိုက်ညီသည့် ပဋိညာဉ်စာချုပ်များကို နိုင်ငံတကာစံနှုန်းများနှင့် ညီညွတ်အောင် ပြင်ဆင် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့် အရည်အသွေးကောင်းအောင် ဆောင် ရွက်ပေးထားသည့် လမ်းများကို သတ်မှတ်ထားသော ခွင့်ပြုတန်ချိန်အတိုင်း အသုံးပြုပြီး ပေးဆောင်ရမည့် လမ်းအသုံးပြုခ၊ ဝန်ဆောင်ခပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း ပြောကြားသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က တိုင်းဒေသကြီး အတွင်း လမ်း၊ တံတားနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ချက်များနှင့် ရွှေတောင် ဟိုက်ဝေးကုမ္ပဏီလီမိတက်မှ ဉီးအောင်ဇော်နိုင်က B.O.T စနစ်ဖြင့် ဆောင်ရွက်နေသော လုပ်ငန်းများကို ရှင်းလင်းပြောကြားကြပြီး ရွှေတောင်ဟိုက်ဝေးကုမ္ပဏီလီမိတက်မှ  စစ်ကိုင်း - မုံရွာ (၄)လမ်းသွား ကတ္တရာကွန်ကရိ(မုံရွာခရိုင်)လမ်းပိုင်း အဆင့်မြှင့်တင် ဆောင်ရွက်မှုများ ကို Video Clip ဖြင့် ပြသသည်။

ယင်းနောက် စစ်ကိုင်း - မုံရွာ (၄)လမ်းသွားကတ္တရာကွန်ကရိ(မုံရွာခရိုင်) လမ်းအပိုင်း အား ပြည်ထောင်စုဝန်ကြီး ဉီးဟန်ဇော်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကတ္တရာကွန်ကရိလမ်းပိုင်းအား ဖြတ်သန်း ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ကျေးလက် လမ်းဖွံ့ဖြိုးရေးဉီးစီးဌာနမှ Pilot Project ဖြင့် ဆောင်ရွက်နေသည့် မုံရွာ - အမြင့်လမ်း ကွန်ကရိခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။

မုံရွာ - အမြင့် ကွန်ကရိလမ်းသည် အရှည်(၄)မိုင်(၄)ဖာလုံရှိပြီး စစ်ကိုင်း - မုံရွာ လမ်းမကြီးနှင့်ချိတ်ဆက်သွားလာနိုင်ပြီး ကျေးလက်ဒေသထုတ်ကုန်များကို မြို့ပြသို့ အချိန်တို အတွင်း လွယ်ကူချောမွေ့စွာ  သယ်ယူပို့ဆောင်နိုင်မည့်အပြင် လမ်းအသုံးပြုသော ကျေးရွာ ၇၆ ရွာမှ ဒေသခံပြည်သူများ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးတို့ကို အထောက်အကူပြုမည်ဖြစ်သည်။

ယင်းနောက် မြင်းမူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဉီးစီးဌာနမှ ဆောင်ရွက်နေသော အလ္လကပ္ပ - တောချောင်းဉီး ကတ္တရာလမ်း၊ စစ်ကိုင်း - မုံရွာလမ်းမကြီးပေါ်ရှိ ညောင်ပင်ဝန်း တံတားဟောင်း ကြံ့ခိုင်မှုနှင့် တံတားသစ်တည်ဆောက်မည့် လျာထားနေရာတို့ကို ကြည့်ရှုစစ်ဆေးသည်။

(သတင်းစဉ်)