နေပြည်တော် ၉ ဧပြီ
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ယနေ့နံနက် ၈ နာရီခွဲတွင် အင်တာနက်ကွန်ရက်အသုံးပြု video conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည့် (၂၅)ကြိမ်မြောက် အာဆီယံ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (ASEAN Coordinating Council) အစည်းအဝေးသို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင်တက်ရောက် ဆွေးနွေးခဲ့သည်။ ယင်းအစည်းအဝေးသို့ အာဆီယံနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ ပါဝင်တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီး အသီးသီးက COVID-19 ကူးစက်ရောဂါပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေးအတွက် မိမိတို့နိုင်ငံအလိုက် ဆောင်ရွက်နေသည့် အစီအမံများကို ရှင်းလင်းပြောကြားပြီးနောက် COVID-19 ကူးစက်ရောဂါဆိုင်ရာ သတင်းအချက်အလက်၊ အတွေ့အကြုံနှင့် မူဝါဒအပြောင်းအလဲများ ပုံမှန်ဖလှယ်ရေး၊ ရောဂါပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊ COVID-19 ကူးစက်ရောဂါ တုံ့ပြန်ရေးဆိုင်ရာ အာဆီယံရန်ပုံငွေတစ်ရပ် ထူထောင်ရေး၊ အခြား အာဆီယံ အဖွဲ့ဝင်နိုင်ငံ (သို့မဟုတ်) တတိယနိုင်ငံတစ်ခုရှိ COVID-19 ရောဂါကူးစက်ခြင်း ခံနေရသော အာဆီယံနိုင်ငံသားများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက အကူအညီပေးရေး၊ COVID-19 ကူးစက်ရောဂါကြောင့် ဖြစ်ပေါ်လာမည့် လူမှု-စီးပွား ထိခိုက်နစ်နာမှုများကို ပူးပေါင်းဖြေရှင်းရေး စသည့် ကိစ္စရပ်များအပြင် COVID-19 ကူးစက်ရောဂါဆိုင်ရာ အာဆီယံ အထူးထိပ်သီးအစည်းအဝေးနှင့် အာဆီယံအပေါင်းသုံး အထူးထိပ်သီးအစည်းအဝေးတို့ကို Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများအပေါ် ဆွေနွေးအမြင်ချင်း ဖလှယ်ခဲ့ကြပြီး အာဆီယံ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ လုပ်ငန်းအဖွဲ့၏ ထောက်ခံတင်ပြချက်များကို အတည်ပြုခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး ဉီးကျော်တင်က COVID-19 ရောဂါ ကာကွယ်တားဆီးရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးတို့တွင် မြန်မာအစိုးရက ဆောင်ရွက်နေသည့် အစီအမံများ၊ COVID-19 ရောဂါကြောင့် ဖြစ်ပေါ်လာမည့် ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ထိခိုက်နစ်နာမှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် အစိုးရအဖွဲ့တစ်ရပ်လုံး ပူးပေါင်းပါဝင်သည့် ချဉ်းကပ်မှုပုံစံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ခေါင်းဆောင်သည့် အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်မှုဖြင့် ပြည်သူအင်အားကို စုစည်းရယူ၍ ပြည်သူများအား ယင်းကူးစက်ရောဂါအကြောင်း အသိပညာပေးပြီး ပြည်သူများ၏ ပူးပေါင်းပါဝင်မှု ရယူခြင်းနည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်နေသည့် အခြေအနေများနှင့် ယင်းသို့သော တုံ့ပြန်ရေးအစီအမံများကို ဆောင်ရွက်ရာတွင် တစ်ဦးတစ်ယောက်မျှ မကျန်စေဘဲ နေရပ်စွန့်ခွာသူများ၏စခန်းများ၊ ပြည်ပမှ ပြန်ရောက်လာသည့် အလုပ်သမားများအပါအဝင် အသိုင်းအဝန်းအားလုံးအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက COVID-19 ၏ စိန်ခေါ်မှုများကို ပူးပေါင်းဖြေရှင်းရာတွင် အာဆီယံရွှေ့ပြောင်းအလုပ်သမားများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံစွာ နေရပ်ပြန်လာရေးကိစ္စ အပါအဝင် နယ်စပ်ဖြတ်ကျော်သွားလာမှုကို စနစ်တကျ စောင့်ကြပ်ကြည့်ရှုရေး၊ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ပြန်လာသည့် အလုပ်သမားများအား သက်ဆိုင်ရာ နှစ်နိုင်ငံညှိနှိုင်း၍ စနစ်တကျနှင့် လုံခြုံစွာလွှဲပြောင်းရေး၊ COVID-19 ဆိုင်ရာ သတင်းအမှားများနှင့် သတင်းတုများ ပူးပေါင်းတိုက်ဖျက်ရေး၊ ပြည်သူလူထုအကြား COVID-19 ဆိုင်ရာ အသိပညာ၊ ဗဟုသုတနှင့် သတင်းအချက်အလက်များ ဖြန့်ဝေရေး၊ ရောဂါဖြစ်ပွားနေသည့် အကြပ်အတည်းကာလတွင် အရေးကြီးသည့် ကုန်ပစ္စည်းများ၊ အထူးသဖြင့် အရေးပေါ် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ အဆင်ပြေချောမွေ့စွာ သယ်ယူပို့ဆောင်နိုင်ရေးအတွက် အချင်းချင်း ကူညီပံ့ပိုးရေး၊ COVID-19 ၏ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနေချိန်တွင် အာဆီယံအသိုက်အဝန်း တည်ဆောက်ရေးလုပ်ငန်းစဉ်ကို အရှိန်အဟုန် ရပ်တန့်မသွားစေပဲ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရေး စသည့်ကဏ္ဍများတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။
အဆိုပါ video conferencing အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိများ ပါဝင်တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်


