နေပြည်တော် ၁ ဇွန်

 

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် ဂျပန်နိုင်ငံ၊ Nikkei Inc. မှကြီးမှူး၍ ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ Imperial Hotel ၌ ၃၁-၅-၂၀၁၉ တွင် ကျင်းပပြုလုပ်သည့် (၂၅)ကြိမ်မြောက် အာရှအနာဂတ်ဆိုင်ရာ နိုင်ငံတကာဆွေးနွေးပွဲ (25th International Conference on the Future of Asia) သို့ တက်ရောက်ခဲ့သည်။ 

 

ပြည်ထောင်စုဝန်ကြီးသည် ၃၁-၅-၂၀၁၉ရက်နေ့၊ နံနက်ပိုင်းတွင် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Japan International Cooperation Agency – JICA) ဥက္ကဋ္ဌ Mr. Shinichi Kitaoka အား Imperial Hotel ၌ လက်ခံတွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် JICA မှ မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်လျက်ရှိသည့် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ဆက်လက်ကူညီပံ့ပိုးသွားရေးနှင့် ဒေသဆိုင်ရာအုပ်ချုပ်ရေး စီမံခန့်ခွဲမှုကဏ္ဍပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် JICA မှ ကူညီပံ့ပိုးပေးသွားရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

 

ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် ယခုနှစ်(၂၅)ကြိမ်မြောက် အာရှအနာဂတ်ဆိုင်ရာ နိုင်ငံတကာဆွေးနွေးပွဲ၏ အကြောင်းအရာဖြစ်သည့် “Seeking a New Global Order-Overcoming the Chaos” တွင်  “Is Asia A Primer for A global Trade Order?” ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီးမှ လက်ရှိကမ္ဘာ့နိုင်ငံအချို့တွင် အမျိုးသားအကျိုးစီးပွားတားဆီးကာကွယ်မှုများ၊ အမျိုးသားစီးပွားရေးကို ရှေ့တန်းတင်ခြင်းများ များပြားလာနေမှု၊  Trans-Pacific Partnership (TPP)တွင် ပါဝင်မှုမှ အမေရိကန်နိုင်ငံ ရုပ်သိမ်းခဲ့မှုနှင့် ကမ္ဘာ့အကြီးဆုံး စီးပွားရေးအင်အားကြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေး ပွတ်တိုက်မှုများကြောင့် ကမ္ဘာ့ကုန်သွယ်ရေး တင်းမာလာသည့်အခြေအနေများနှင့် ကမ္ဘာ့ စီးပွားရေးတိုးတက်မှုနှုန်းအပေါ် အဟန့်အတားဖြစ်ပေါ်လာနိုင်သော အခြေအနေများ၊ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများအပေါ် အကျိုးသက်ရောက်လာနိုင်သည့် အခြေအနေများကို ထည့်သွင်းပြောကြားခဲ့သည်။ 

 

ထို့ပြင်၊ ကမ္ဘာ့စီးပွားရေးတင်းမာမှုများရှိနေသော်လည်း စည်းမျဉ်း စည်းကမ်းပေါ် အခြေခံသော နိုင်ငံပေါင်းစုံပါဝင်သည့် ကုန်သွယ်မှုစနစ်(Rules-based Multilateral Trading system)ကြောင့် အာရှနိုင်ငံများ၊ အထူးသဖြင့် အာဆီယံနိုင်ငံများအနေဖြင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံမှုကဏ္ဍများတွင် များစွာအကျိုးဖြစ်ထွန်းခဲ့ခြင်းများ၊ အခွန်အခနှင့် အခွန်အခ မဟုတ်သည့် စီးပွားရေးအဟန့်အတားများ လျှော့ချမှု၊ တင်းကြပ်သည့် လုပ်ထုံးလုပ်နည်း ဥပဒေဖြေလျော့မှုများကြောင့် ဒေသတွင်းသို့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာခဲ့မှု၊ စီးပွားရေးတိုးတက်ရန်နှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ရန်အတွက် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ယန္တရားများဖြစ်သည့် Regional Comprehensive Economic Partnership (RCEP) ၊ Comprehensive and Progressive Agreement for Trans-Pacific Partnership (CPTPP) နှင့် ASEAN Economic Community(AEC) Blue Print 2025  တို့ကြောင့် အာဆီယံဒေသတွင်းရှိ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုနှင့် ပေါင်းစည်းဆက်နွယ်မှုလုပ်ငန်းစဉ်များအတွက် ပိုမိုအကျိုးရရှိနိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့သည်။ 

 

မိန့်ခွန်းပြောကြားအပြီး အမေးအဖြေကဏ္ဍတွင် မွေးခွန်းများကို ပြန်လည်ဖြေကြားရာ၌ မြန်မာနိုင်ငံအစိုးရမှ ဒီမိုကရေစီစနစ် တိုးတက်ခိုင်မာစေရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အလေးပေးကြိုးပမ်းဆောင်ရွက်နေမှုများ၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံန်အပါအဝင် မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော အခြေခံ အဆောက်အအုံစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ရခိုင်ပြည်နယ်အရေးကိစ္စ နှင့်ပတ်သက်၍ ရခိုင်ဒေသမှ နေရပ်စွန့်ခွာသူများ ပြန်လည်ဝင်ရောက်ရန် လိုအပ်သည့် အစီအမံများ ပြင်ဆင်ထားမှုနှင့် စိစစ်ပြီးသူများအား ပြန်လည်လက်ခံရန် မြန်မာနိုင်ငံဘက်မှ အသင့်ရှိနေမှုအခြေအနေများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပူးပေါင်းဆောင်ရွက်မှုမရရှိကြောင်း၊ အပြုသဘောပူးပေါင်းဆောင်ရွက်မှုရရှိပါက မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား သဘောတူလက်မှတ်ရေးထိုးထားသည့် နှစ်နိုင်ငံ သဘောတူစာချုပ်များနှင့်အညီ နေရပ် စွန့်ခွာသူများအား ၎င်းတို့၏ဆန္ဒအရ လုံခြုံ၊စိတ်ချ၊ ဂုဏ်သိက္ခာရှိစွာ ပြန်လည်ဝင်ရောက် နိုင်ရေးအတွက်  ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို ဆောလျင်စွာစတင် အကောင်အထည် ဖော်သွားနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီးသည် ၃၁-၅-၂၀၁၉ ရက်နေ့ ညနေပိုင်းတွင် ဂျပန်နိုင်ငံခြားရေး ဝန်ကြီး Mr. Taro KONO အား ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၌ သွားရောက်တွေ့ဆုံခဲ့သည်။ ယင်းသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ စီးပွားရေးနှင့် ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်(ICoE) ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ရန် အဆိုပြုခရီးစဉ်အား ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနှင့် သဘောတူညီချက်ရရှိထား သော်လည်း ခရီးစဉ်အား ယနေ့အချိန်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ လက်ခံခွင့်ပြုပေးခြင်း မရှိသည့်ကိစ္စနှင့် ရခိုင်ပြည်နယ်မှနေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး ဆောင်ရွက်ထားမှု နောက်ဆုံးအခြေအနေများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ ဂျပန် နိုင်ငံခြားရေးဝန်ကြီးက ဂျပန်အစိုးရအနေဖြင့် မြန်မာအစိုးရ၏ ဒီမိုကရေစီတိုးတက် ခိုင်မာရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ဂျပန်အစိုးရမှ အပြည့်အဝ ဆက်လက်ထောက်ခံ ကူညီသွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ ထို့သို့ တွေ့ဆုံရာတွင် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသူရိန်သန့်ဇင်နှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။ 

 

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဂျပန်-မြန်မာချစ်ကြည်ရေးအသင်း၊ ဥက္ကဋ္ဌဖြစ်သူ ဂျပန်အထက်လွှတ်တော်အမတ်ဟောင်း Mr. Hideo Watanabe မှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်