နေပြည်တော် ဧပြီ ၂၉

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများများနှင့်အတူယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်ရှိ ရွှေတောင်ဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနေမှုနှင့် ရန်ကုန် တိုင်းဒေသကြီး အလုံမြို့နယ်ရှိ ၂၃၀ ကေဗွီ အလုံပင်မဓာတ်အားခွဲရုံ၏ ဓာတ်အားဖြန့်ဖြူး ပေးနေမှုတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ရွှေတောင်မြို့နယ်ရှိ ရွှေတောင်ဓာတ်အားပေး စက်ရုံဝန်းအတွင်း တည်ဆောက်ထားသည့် MCM Power Co.,Ltd ၏ ရွှေသဘာဝ ဓာတ်ငွေ့အသုံးပြု၍ ၇၀ မဂ္ဂါဝပ် ထုတ်လုပ်နေသော ဓာတ်အားပေးစက်ရုံသို့ရောက်ရှိပြီး ဓာတ်အားပေးစက်များ မောင်းနှင်ဓာတ်အားထုတ်လုပ်ပေးနေမှုနှင့် ဓာတ်အားပေးစက်များ ထိန်းသိမ်းပြုပြင်ခြင်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီမှ တာဝန်ရှိသူများ က ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဓာတ်အားထိန်းချုပ် ခန်းအတွင်း နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားများ ပို့လွှတ် ဖြန့်ဖြူးပေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ ရွှေတောင်ဓာတ်အားပေးစက်ရုံ အစည်းအဝေးခန်းမတွင် ဓာတ်အားပေးစက်ရုံမှူးနှင့် တာဝန်ရှိသူတို့က ဓာတ်အား ပေးစက်ရုံဆိုင်ရာ အချက်အလက်များနှင့် ရွှေတောင်ဓာတ်အားခွဲရုံမှ ဓာတ်အားလက်ခံ ပို့လွှတ်ဖြန့်ဖြူးပေးနေမှုကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဝန်ထမ်းများ၏ တင်ပြမှုများအပေါ် လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဓာတ်အားပေး စက်ရုံသန့်ရှင်းသာယာ လှပရေး၊ ဓာတ်အားပေးစက်ရုံဝန်းအတွင်းရှိ မြေနေရာအလွတ်များတွင် သီးပင်စားပင်များ စနစ်တ ကျ စိုက်ပျိုးသွားရန်နှင့် လုံခြုံရေး အထူးဂရုပြု ဆောင်ရွက်သွားရန်မှာကြားခဲ့ကာ ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ ၂၃၀ ကေဗွီ အလုံပင်မ ဓာတ်အားခွဲရုံသို့ရောက်ရှိရာ Switchyard အတွင်း   လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဓာတ်အားခွဲရုံဆိုင်ရာ အချက်အလက်များ၊ ဓာတ်အားဖြန့်ဖြူးပေးနေမှုနှင့် ဓာတ်အားခွဲရုံ Switchyard တိုးချဲ့ တည်ဆောက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြတင်ပြမှုကို  ပြည်ထောင်စုဝန်ကြီးက ဓာတ်အားခွဲရုံ တိုးချဲ့တည်ဆောက်ရာတွင် အရေးပေါ် မီးကာနံရံ(Fire Wall)၊ ဆီစုကန်(Oil Pit)နှင့် အရေးပေါ် မီးငြိမ်းသတ်မှုစနစ်(Fire Fighting System) စသည်တို့အား ထည့်သွင်း တည်ဆောက်သွားရန်နှင့် သက်တမ်းရှည်ကြာပြီး ဝန်အားပြည့်နေသည့် ထရန်စ ဖော်မာများအား လဲလှယ်နိုင်ရေး စီမံဆောင်ရွက်သွားရန်တို့အား မှာကြားခဲ့ပြီး လက်ရှိ ဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ၏ ဝန်အားထိန်းညှိ ဖြန့်ဖြူးထားမှုနှင့် Switchyard တိုးချဲ့ တည်ဆောက်မည့် အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သိရသည်။

သတင်းစဉ်