နေပြည်တော် ဇန်နဝါရီ ၁၁
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် သည် မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်နှင့်အတူ နံနက်ပိုင်းတွင် ကျောက်ပန်းတောင်းမြို့၊ မြို့ဦးအောင်စေတီ ဓမ္မာရုံ၌ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်များ၊ တိုင်းဒေသကြီးသံဃနာယကဆရာတော် နှင့် မြို့နယ်သံဃနာယကအဖွဲ့ဆရာတော်များကို ဖူးမြော်ကြည်ညိုပြီး ကျောက်ပန်းတောင်းမြို့၊ စိတ္တပါလဂူစာသင်တိုက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တဇဋိလထံမှ ငါးပါး သီလခံယူဆောက်တည်ပြီး ဆရာတော်ဘုရားထံမှ ဩဝါဒခံယူကာ ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။
ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ဆရာတော်အရှင်သူမြတ်များထံ လှူဖွယ်ဝတ္ထုပစ္စည်းနှင့် နဝကမ္မအလှူငွေများ၊ ဥပ္ပါတသန္တိကျမ်းစာအုပ်များ၊ ဂီရိမာနန္ဒကျမ်းစာအုပ်များကို ဆက်ကပ်လှူဒါန်းခဲ့ပြီး စိတ္တပါလဂူစာသင်တိုက်၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဌ၊ အဂ္ဂမဟာ ဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တသုမနဓဇထံမှ ရေစက်ချတရား နာယူကြည်ညိုခဲ့ကြသည်။
ဆက်လက်၍ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်တွင် အနေကဇာတင်ပူဇော်ပြီးသော ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားဆင်းတုတော်(၁၀၀၈)ဆူနှင့် ဥပ္ပါတသန္တိကျမ်းစာအုပ်များကို ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ကျောက်ပန်းတောင်းမြို့နယ်ရှိ အများပြည်သူများ ကိုးကွယ်ပူဇော်နိုင်ရန်အတွက် ကျောက်ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးကြီး အောင်ဇော်မိုးနှင့် မြို့မိမြို့ဖများထံလှူဒါန်းသည်။
ယင်းနောက်ကျောက်ပန်းတောင်းမြို့နယ် ကုန်းတော်ကြီး မင်္ဂလာစေတီ၌ အသံမစဲ ဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဆိုပူဇော်နေမှုကို သွားရောက်ကြည်ညို နာယူခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် မြတ်ရွှေဂူစာသင်တိုက်ဆရာတော် ဘဒ္ဒန္တသုဇာတ အရှင်သူမြတ်နှင့် မြို့နယ်သံဃနာယကအဖွဲ့ဝင် ဘဒ္ဒန္ဒဣန္ဒကအရှင်သူမြတ်တို့ကို ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။
ထိုနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ကျောက်ပန်းတောင်း မြို့အတွက် တည်ဆောက်လျက်ရှိသည့် မြို့တော်ခန်းမနေရာသို့ ဝင်ရောက်ကြည့်ရှုခဲ့ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက မြို့တော်ခန်းမတည်ဆောက် ပြီးစီးမှုအခြေအနေကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ကျောက်ပန်းတောင်းမြို့အတွက် အကျိုးရှိသော မြို့တော်ခန်းမဖြစ်သည့်အတွက် အရည်အသွေး၊ စံချိန်စံညွှန်းကောင်းမွန်စွာဖြင့် သတ်မှတ်ကာလအတွင်းပြီးစီးအောင် တည်ဆောက်သွားရန် မှာကြားသည်။
ယင်းနောက်ကျောက်ပန်းတောင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စကာဝါမြေခန်းမတွင် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ၍ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်နှင့် ဘာသာရေးဆိုင်ရာ ဓလေ့ထုံးစံများကို အလေးထားစေရေး မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်