နေပြည်တော် ၂၁ အောက်တိုဘာ
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ လျှပ်စစ်ကဏ္ဍဆိုင်ရာ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအပေါ် သုံးသပ်ခြင်းနှင့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် စီမံကိန်းများနှင့်စပ်လျဉ်းသည့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ရတနာခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ၂၀၂၀ ခုနှစ် နွေရာသီကာလ တွင် ရေအားနှင့် အပူစွမ်းအင်သုံးစက်ရုံများမှ ဓာတ်အားထုတ်လုပ်ပေးမည့် အစီအမံများ၊ ယခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် System Improvement Plan များ၊ ၂၀၂၀ - ၂၀၂၁ ခုနှစ်အတွက် မဂ္ဂါဝပ် ၁၀ဝ၀ ထပ်တိုးထုတ်လုပ်နိုင်ရေး ရည်မှန်းချက်ထား စီမံဆောင်ရွက်ရန် ရည်ရွယ်၍ အစည်းအဝေး ခေါ်ယူခြင်းဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်အတွင်း အမြင့်ဆုံးသုံးစွဲခဲ့ သည့်ဝန်အားမှာ ၃၅၈၆ မဂ္ဂါဝပ် ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် အမြင့်ဆုံးသုံးစွဲနေသည့် ဝန်အားမှာ ၃၆၅၄ မဂ္ဂါဝပ်အထိ တိုးတက်လာခဲ့သဖြင့် အနာဂတ်တွင် ယခုထက် ပိုမိုများပြားလာမည်ဖြစ် သည့်အတွက် ဓာတ်အားလိုင်း/ဓာတ်အားခွဲရုံများ၏ ကြံ့ခိုင်မှုများ၊ Power Plant များ၏ Efficiency များတိုးတက်ရေး၊ ဓာတ်အားပေးစက်ရုံအဟောင်းများကို Rehabilitation ပြုလုပ် မည့် အစီအစဉ်များ၊ လုပ်ငန်းအသစ်ဖြစ်သည့် LNG to Power စက်ရုံသစ်များကို စီမံ ဆောင်ရွက်ပြီး Time Schedule ရေးဆွဲ၍ အချိန်မီဆောင်ရွက်သွားကြရန် အရေးကြီးပါ ကြောင်း၊ Transmission ပိုင်းဆောင်ရွက်စဉ် ဓာတ်အားပြတ်တောက်မှုများ ဖြစ်နိုင်သဖြင့် သဘာဝဘေးအန္တရာယ်မှအပ ဖြစ်ပေါ်လာနိုင်မည့် Weakness Point များအပေါ် သုံးသပ်၍ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်မှု ၅၀ ရာခိုင်နှုန်း ပြည့်မီအောင် အထူးအလေးထား ဆောင်ရွက်နေပါကြောင်း။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေခံအကျဆုံး လိုအပ်ချက်သည် လျှပ်စစ်ဓာတ် အားဖြစ်သည့်အတွက် အနာဂတ် လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေး ရည်မှန်းချက်အဖြစ် ၂၀၂၅ - ၂၀၂၆ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ အိမ်ထောင်စုဦးရေ ၇၅ ရာခိုင်နှုန်းနှင့် ၂၀၃၀ - ၂၀၃၁ ခုနှစ် တွင် တစ်နိုင်ငံလုံး၏ အိမ်ထောင်စုဦးရေ ၁၀ဝ ရာခိုင်နှုန်း ရာနှုန်းပြည့် လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေးအတွက် ဝန်ကြီးဌာနမှ ရည်မှန်းချက်ထား၍ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံရှိ အိမ်ထောင်စု စုစုပေါင်း၏ မီးသုံးစွဲသူဦးရေမှာ ၃၄ ရာခိုင်နှုန်းခန့်ကိုသာ လျှပ်စစ်ဓာတ်အားပေးနိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် မီးသုံးစွဲသူ ၅၀ ရာခိုင်နှုန်းအထိ ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ရာ ၃ နှစ်တာကာလ အတွင်း ၁၆ ရာခိုင်နှုန်းခန့် တိုးတက်လာသည့်အတွက် ဝန်ကြီးဌာန၏ အောင်မြင်မှုတစ်ရပ် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးက ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်၌ လျှပ်စစ်ကဏ္ဍဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုအပေါ် အားသာချက်၊ အားနည်းချက်များကို သုံးသပ်ဆွေးနွေးတင်ပြပြီး တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဏ အလိုက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က တင်ပြမှုများအပေါ် သုံးသပ်ဆွေးနွေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးမှာကြားသည်။
(သတင်းစဉ်)


