နေပြည်တော် ဒီဇင်ဘာ ၂၁
ပဥ္စမအကြိမ်အမျိုးသားအားကစားပွဲတော်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသူများနှင့် ကျန်းမာရေးဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများ ဂုဏ်ပြုအခမ်းအနားကို ယနေ့ နံနက် (၁၁) နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ တပ်မတော် ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ပဉ္စမအကြိမ်အမျိုးသား အားကစားပွဲတော် ကျန်းမာရေး စောင့်ရှောက်မှုတွင် ပါဝင်ဆောင်ရွက်သည့် အထူးကုဆရာဝန်များ၊ လက်ထောက်ဆရာဝန်များ၊ သူနာပြုများ၊ ဆေးဘက်ကျွမ်းကျင်ဝန်ထမ်းများ၊ အထောက်အကူပြု ကျန်းမာရေးဝန်ထမ်းများ၊ ပံ့ပိုးအုပ်ချုပ်ရေးအဖွဲ့များ၊ ကျန်းမာရေးဝန်ကြီးဌာန ကိုယ်စားပြု အားကစားသမားများနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမျိုးသားအားကစားပွဲတော် ကျန်းမာရေးစောင့်ရှောက်မှုတွင် ဆေးကုသရေးလုပ်ငန်းအတွက် နေပြည်တော်ရှိ ကျန်းမာရေးဝန်ထမ်းများသာမက တိုင်းဒေသကြီး/ ပြည်နယ်များရှိ ကျန်းမာရေးဝန်ထမ်းများပါစုစည်းဖွဲ့စည်းခဲ့ပါကြောင်း၊ ထို့ပြင်ကျန်းမာရေးဝန်ကြီးဌာနသာမက တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ ဆေးဘက်ဆိုင် ရာဝန်ထမ်းများပါ စုဖွဲ့၍ လူအင်အား (၃၀၀) နီးပါး ဆေးအဖွဲ့များ ဖွဲ့စည်းကာ ပါဝင်ဆောင်ရွက်ခဲ့ပြီး ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ လစ်ဟာမှုမရှိအောင် စီမံအုပ်ချုပ်မှု ဆောင်ရွက်ပေးသော တာဝန်ရှိသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက ပဥ္စမအကြိမ်အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အားကစားပြိုင်ပွဲများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသူများကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ကာ ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားအားကစားပြိုင်ပွဲကာလတစ်လျှောက်လုံးတွင် လူနာ (၅၈၀၀) ဦးကျော် ကြည့်ရှုကုသပေးနိုင်ခဲ့ပြီး အားကစားပြိုင်ပွဲများတွင် ထိခိုက်မှု လူနာပေါင်း (၁၃၇၁) ဦး၊ တိုင်းရင်း ဆေးခန်းတွင် လူနာ (၁၄၈၇) ဦး၊ အထူးကုဆေးခန်းများတွင် လူနာ (၉၂) ဦး၊ တည်းခိုနေထိုင်သည့် နေရာများတွင် (၂၃၁၄) ဦး၊ ဖျော်ဖြေရေးအဖွဲ့များလေ့ကျင့်ခြင်းနှင့် ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားများတွင် (၅၅၇) ဦး၊ ဆေးရုံ တက်ရောက်ကုသသူပေါင်း (၄၂) ဦးတို့ကို ကုသမှုများ ပေးနိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Breaking News


