နေပြည်တော်၊ ဖေဖော်ဝါရီ  ၁၉

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယမန်နေ့က ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ဒဂုံဆိပ်ကမ်းမြို့နယ်၌ တည်ဆောက်လျက်ရှိသော အမျိုးသားကင်ဆာရောဂါ ကုသရေးဌာန တည်ဆောက်ရေး လုပ်ငန်းခွင်သို့ရောက်ရှိရာ အဆောက်အဦအထူးအဖွဲ့ (၁) မှ ဒုတိယညွှန်ကြားရေးမှူးက တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ယခုစီမံကိန်းပြီးစီးပါက ကင်ဆာရောဂါဓာတ်ရောင်ခြည် ကုသမှု အပါအဝင် ကင်ဆာရောဂါကုသရေးလုပ်ငန်းများ ပိုမိုကောင်းမွန်စွာ တိုးမြှင့်ဆောင်ရွက်နိုင်မည် ဖြစ်သဖြင့် အချိန်မီပြီးစီးရေး ဆောင်ရွက်ရေး၊ ဓာတ်ရောင်ခြည် လုံခြုံမှုအပါအဝင် အဆောက်အဦ အရည်အသွေး ကောင်းမွန်စေရေး အလေးထားဆောင်ရွက်ရေး၊ လျှပ်စစ်မီးရရှိရေး၊ လမ်းတံတားများ ကောင်းမွန်ကြံ့ခိုင်ရေး၊ ဝန်ထမ်းများ အဆင်ပြေစွာ သွားလာနေထိုင်နိုင်ရေး၊ ဓာတ်ရောင်ခြည်ကုသစက်နှင့် ဆေးရုံသုံးပစ္စည်းများ တပ်ဆင်ပြီးစီးရေးတို့ကိုလည်း တစ်ပြိုင်တည်း ပြီးစီးအောင် စီစဉ်ဆောင်ရွက်ရန်ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးသည်။

 

mdn

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမျိုးသားကင်ဆာကုသရေးဌာန၌ ဓာတ်ရောင်ခြည်ကုသစက် (၄) လုံးထားရှိရန် Bunker များတည်ဆောက်ပြီးစီးမှု၊ တည်ဆောက်ဆဲ           အဆောက်အဦများ၊ တည်ဆောက်ပြီးစီးသွားသော (၅) ထပ်လူနာဆောင်တွင် ခွဲစိတ်ခန်းများ၊ လူနာ ဆောင်များနှင့်ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်းများ၊ တည်ဆောက်ပြီးစီးသွားသော အသုံးပြုပြီး ဓာတ်ရောင်ခြည်သုံးပစ္စည်းများ သိုလှောင်ထားရှိမည့် မြေအောက် Bunker များကို လှည့်လည်ကြည့်ရှုပြီး ဆေးကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန်အစီအစဉ်များနှင့် လိုအပ်ချက်များကို မှာကြားသည်။

အမျိုးသားကင်ဆာရောဂါကုသရေးဌာနကို (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်မှ စတင်ကာ နိုင်ငံတော်မှ ခွင့်ပြုရန်ပုံငွေကျပ် (၉,၂၀၈) သန်း အသုံးပြုပြီး ကင်ဆာဓာတ်ရောင်ခြည်ကုသစက် လေးလုံး တပ်ဆင်၍ ကုသမှုပေးနိုင်ရန်ရည်ရွယ်ကာ တည်ဆောက်နေခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွင်း စတင် ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါဌာန တည်ဆောက်ပြီးစီးပါက ကင်ဆာ ရောဂါလူနာများသည် ခွဲစိတ်ကုသခြင်း၊ ကင်ဆာဆေးသွင်းကုသခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း၊ အထူးကြပ်မတ်ကုသခြင်း၊ ဓာတ်ခွဲစမ်းသပ်မှု၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်းတို့ကို တစ်နေရာတည်းတွင် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

သတင်းစဉ်