နေပြည်တော် ဒီဇင်ဘာ ၂၅

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် အမျိုးသားပရဆေးဉယျာဉ်သို့ သွားရောက်ကာ ပရဆေးဉယျာဉ်အတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု၊ ဆေးဘက်ဝင် ပရဆေး ပျိုးပင်များ ပြုစုထိန်းသိမ်းထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆေးဘက်ဝင် ပရဆေးပျိုးပင်များ၊ တိုင်းရင်းဆေးဝါး များ ပြည်သူများကို ရောင်းချပေးနိုင်ရေးအတွက် အရောင်းဆိုင်ဖွင့်လှစ် ဆောင်ရွက်ထားရှိရန်၊ ပြည်သူများ အပန်းဖြေအနားယူရာတွင် အဆာပြေစားသောက်နိုင်ရေးအတွက် စားသောက် ဆိုင်ဖွင့်လှစ်ပေးရန် မှာကြားသည်။   

ယင်းနောက် ပရဆေးဉယျာဉ်အတွင်းရှိ ဆေးဖက်ဝင်ဂမုန်းနှင့် ရောဂါကြီး(၆) မျိုးသုံး အပင်များ စိုက်ပျိုးထားသည့် ပျိုးစင်များ၊ ပရဆေးစိုက်ကွက်များ၊ တိုင်းရင်းဆေးပြတိုက်လမ်း တစ်လျှောက်လမ်းများ ပြုပြင်ဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးပြီး တိုင်းရင်းဆေး ပြတိုက် အတွင်းရှိ ရှေးအစဉ်အဆက်မှ သမားတော်ကြီးများ၊ နယကြီးလေးပါးဆိုင်ရာပြကွက်၊ ရေထွက်၊ မြေထွက်၊ အပင်ထွက်ပစ္စည်းများ ပြသထားရှိမှု၊ တိုင်းရင်းဆေးပညာဉီးစီးဌာနမှ ထုတ်ဝေထား ရှိသော အသိပညာပေးစာအုပ်များ၊ လက်ကမ်းစာစောင်များအား လှည့်လည် ကြည့်ရှု စစ်ဆေး သည်။    

ဆက်လက်၍ အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များ အမှတ်တရ စိုက်ပျိုးထားသည့် အပင်များ ထိန်းသိမ်းထားရှိမှု အခြေအနေကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ပတ်ဝန်းကျင် သာယာ လှပရေးဆောင်ရွက်ရန်၊ ရေ၊ မြေ၊ ရာသီဉတု သဘာဝနှင့်ကိုက်ညီမှုမရှိသော စိုက်ပျိုးရန် ခက်ခဲသည့် ပရဆေးပင်များအား ဉယျာဉ်အတွင်း၌ စိုက်ပျိုးနိုင်ရန်အတွက် လက်ရှိ Greenhouse ထက် ပိုမိုကောင်းမွန်သောစနစ်ဖြင့် စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်ရန်၊ သက်ဆိုင်ရာ နှီးနွယ် ဝန်ကြီးဌာနများမှ ပညာရှင်များနှင့်ပူးပေါင်းဆောင်ရွက်သွားရန်၊ ပြည်သူများအတွက် အပန်းဖြေ စေနိုင်ပြီး တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ဗဟုသုတများ၊ ပရဆေးပင်ဆိုင်ရာ ဗဟုသုတများ၊ ကျောင်းသူ၊ ကျောင်းသားများအတွက် ဗဟုသုတရရှိစေပြီး လက်တွေ့ကွင်းဆင်း လေ့လာနိုင် သော အဆင့်မီဉယျာဉ်ဖြစ်စေရေး စီစဉ်ဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

သတင်းစဉ်