နေပြည်တော် စက်တင်ဘာ ၁၂
ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကာကွယ်ဆေးသိုလှောင် အအေးခန်းရှိ လေးထပ်ဆောင် အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ (၁)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်း ဗဟိုကာကွယ်ဆေးသို လှောင်အအေးခန်း (ရန်ကုန်)၌ ကျင်းပသည်။
အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဗဟိုအဆင့် ဆေးရုံအုပ်ကြီးများ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ (National Immunization Technical Advisory Groups NITAG) ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ UNICEF ၊ WHO၊ GAVI နှင့် CHAI အဖွဲ့တို့မှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ် ဌာနချုပ်တိုင်းမှူး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ဗဟိုကာကွယ် ဆေးသိုလှောင်အအေးခန်း (၄) ထပ်ဆောင် အဆောက်အဦသစ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်း ဒေသကြီး ဗဟိုကာကွယ်ဆေး သိုလှောင်အအေးခန်း(ရန်ကုန်) တွင်ကာကွယ်ဆေးများနှင့် ဆက်စပ်ပစ္စည်းများကို အအေးလမ်းကြောင်းမပျက် စနစ်တကျ သိုလှောင်ထိန်းသိမ်းထားရှိပြီး တိုင်းဒေသကြီး/ပြည်နယ်များသို့ စနစ်တကျ ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ ယခုအခါ ကာကွယ်ဆေးများအမျိုးအစား တိုးချဲ့ထိုး နှံလာခြင်းနှင့်အတူ အဆိုပါ ဆေးနှင့်ဆေးပစ္စည်းများ သိုလှောင်ရန် နေရာထပ်မံ လိုအပ်ပါသဖြင့် လက်ရှိလေးထပ်ဆောင် အဆောက်အဦသစ်ကို ကျန်းမာရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF)တို့ ပူးပေါင်းကာ ငွေကျပ်(၂ ဒသမ ၃)ဘီလီယံ အကုန်ကျခံ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး (၂၀၂၃)ခုနှစ် ဧပြီလတွင် ဆောက်လုပ်ပြီးစီးခဲ့ပါကြောင်း။
ထို့ကြောင့် ယခုအခါကာ ကွယ်ဆေးမျိုးစုံကို အအေးလမ်းကြောင်းမပျက် စနစ်တကျ သယ်ယူပို့ဆောင်သွားနိုင်မည်ဖြစ်ပြီး ကာကွယ်ဆေးထိုးလုပ်ငန်းကို ပိုမိုထိရောက်စွာ အားဖြည့် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ဗဟိုကာကွယ်ဆေးသိုလှောင် အအေးခန်း၏ လုပ်ငန်းများတွင် လိုအပ်သော ပံ့ပိုးမှုများအားလုံးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဆက်လက်ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဖွင့်ပွဲအခမ်းအနားအထိမ်းအမှတ်video မှတ်တမ်းကိုပြသပြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဖွင့်ပွဲအခမ်းအနား အထိမ်းအမှတ် လက်ဆောင်ပေးအပ်၍ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆောက်အဦအတွင်းရှိ ကာကွယ်ဆေး သိုလှောင်အအေးခန်းများနှင့် အအေးလမ်းကြောင်းစနစ်များကို လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါ အဆောက်အဦသစ်တွင် ကာကွယ်ဆေးများ သိုလှောင်ထားရှိရန်အတွက် လူဝင် လမ်းလျှောက်နိုင်သော အအေးခန်း Walk In Cooler (၇) လုံး၊ အေးခဲခန်း Walk In Freezer (၄)လုံး ပါဝင်သည့် အခန်း၊ အပူချိန် အနုတ်(၈၀)ဒီဂရီစင်တီဂရိတ်မှာ သိမ်းဆည်း သိုလှောင် နိုင်သည့် Ultra Cold Chain Freezer များ၊ ဆေးထိုးအပ်နှင့် ဆက်စပ်ပစ္စည်းများထားရှိရာ (Dry Store) အခန်း၊ ရုံးခန်းများ၊ အစည်းအဝေးခန်းများ၊ လူ (၄၀၀)ခန့် တက်ရောက်နိုင်သော သင်တန်းခန်းမ (၁)ခု နှင့် သင်တန်းသား (၅၀) ခန့် တည်းခိုရန်နေရာ၊ လူစီးဓာတ်လှေကားစနစ် (၁)ခု၊ ပစ္စည်းအတင်အချ ဓာတ်လှေကားစနစ် (၁)ခု၊ လျှပ်စစ်မီးအတွက် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစနစ်များနှင့် 300 KVA Back-up Generator မီးစက် (၂)လုံး၊ ဂါလံ (၁၀,၀၀၀)ဆံ့ ရေကန်တို့ပါရှိပြီး ကာကွယ်ဆေးဆံ့ဝင်မှုအနေဖြင့် တစ်နိုင်ငံလုံး ကာကွယ်ဆေးလိုအပ်ချက်၏ တစ်နှစ်စာသိုလှောင်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


