ရန်ကုန်၊ မတ် ၂၃
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအား အရင်းမြစ်ဦးစီးဌာန၊ ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်၏ ဆေးတက္ကသိုလ် (၁) ရန်ကုန်၏ (၅၈) ကြိမ်၊ (၅၉) ကြိမ်နှင့် အကြိမ် (၆၀) မြောက်ဘွဲ့နှင်း သဘင်ဂုဏ်ပြု ညစာစားပွဲကို ယမန်နေ့ညနေပိုင်းတွင် ဆေးတက္ကသိုလ် (၁) ရန်ကုန်၏ မြက်ခင်းပြင်၌ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဘွဲ့ရကျောင်းသား၊ ကျောင်းသူများ၏ မိဘများတက်ရောက်ကြသည်။
ဦးစွာ ဆေးတက္ကသိုလ်ကျောင်းသူများက “မင်္ဂလာပါ” သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဘွဲ့ရမောင်မယ်တို့မှာ မှန်ကန်သည့်ရည်မှန်းချက် ပန်းတိုင်ထားပြီး ကြိုးစားခဲ့ကြသည့်အတွက် ယခုကဲ့သို့အောင်မြင်စွာဖြင့် သက်ဆိုင်ရာ ဘွဲ့အသီးသီးကို ထိုက်တန်စွာ ရရှိခဲ့ကြခြင်းဖြစ်ကြောင်း၊ (၂၀၂၀) ပြည့်နှစ်၊ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကူးစက်ဖြစ်ပွားခဲ့ခြင်းနှင့် အခြေအနေအမျိုးမျိုးတို့ကြောင့် နိုင်ငံတော်၏ ကျန်းမာရေး ကဏ္ဍတွင်ရှိသည့် လူ့စွမ်းအားအရင်းအမြစ်များ ပြုန်းတီးခဲ့ရပါကြောင်း၊ သို့သော် အခက်အခဲများကြားက မောင်တို့မယ်တို့ကဲ့သို့ နိုင်ငံတော်အပေါ် သစ္စာရိုသေစောင့်သိကြသည့် ကျန်းမာရေး ဝန်ထမ်းကောင်းများ၏ ကြံ့ကြံ့ခံ ကြိုးပမ်းဆောင်ရွက်ခဲ့မှုကြောင့် နိုင်ငံတော်၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မောင်တို့/ မယ်တို့ မျိုးဆက်သစ် ဆရာဝန်များအနေဖြင့် နိုင်ငံတော်၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပိုမိုခိုင်မာ တောင့်တင်းလာစေရန် ပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်းကို ယခင်ကထက် အဆများစွာသာလွန်မြင့်မားလာစေရန် မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ဝိုင်းဝန်းကြိုးပမ်းတာဝန်ယူ ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ယင်းနောက် ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ်၊ ဒေါက်တာကျော်ရွှေက ဂုဏ်ပြုညစာစားပွဲ အထိမ်းအမှတ် လက်ဆောင်များကို ပေးအပ်ပြီး ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် ဆေးပညာနောက်ဆုံးနှစ်အပိုင်း (ခ) တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/ ကျောင်းသူ ငါးဦးကို သက်ဆိုင်ရာ ပါမောက္ခ/ဌာနမှူးများက ဂုဏ်ပြုတံဆိပ်များ ပေးအပ်ချီးမြှင့်ကာ ဘွဲ့ရကျောင်းသား၊ ကျောင်းသူများကအကအလှများဖြင့် သီဆိုဖျော်ဖြေကြပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ဆေးတက္ကသိုလ် (၁) ဘွဲ့နှင်းသဘင် အခမ်းအနားများ၌ (၅၈) ကြိမ်မြောက် ဘွဲ့နှင်းသဘင်တွင် ဆေးလက်တွေ့ပါရဂူဘွဲ့ (၇၅) ဦး၊ ပါရဂူဘွဲ့ ကိုးဦး၊ ဆေးပညာမဟာသိပ္ပံဘွဲ့ (၁၅၃) ဦး၊ ဒီပလိုမာ (၂၀) နှင့် ဆေးပညာဘွဲ့ (၆၀) တို့ကိုလည်းကောင်း၊ (၅၉) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဆေးလက်တွေ့ပါရဂူဘွဲ့ (၂၅) ဦး၊ ပါရဂူဘွဲ့ နှစ်ဦး၊ ဆေးပညာ မဟာသိပ္ပံဘွဲ့ (၂၀)၊ ဒီပလိုမာကိုးဦးနှင့် ဆေးပညာဘွဲ့ (၁၁၅) ဦး တို့ကိုလည်းကောင်း၊ အကြိမ် (၆၀) မြောက် ဘွဲ့နှင်းသဘင်အခမ်း အနားတွင် ဆေးလက်တွေ့ပါရဂူဘွဲ့ (၁၈) ဦး၊ ဆေးပညာ မဟာသိပ္ပံဘွဲ့(၆၁)၊ ဒီပလိုမာ (၁၁) ဦး နှင့် ဆေးပညာဘွဲ့ (၁၇၈) ဦး တို့ကိုလည်းကောင်း၊ ဘွဲ့များအပ်နှင်း ချီးမြှင့်ခဲ့သည်။
ဆေးတက္ကသိုလ်(၁) ရန်ကုန်ကို (၁၉၀၇) ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုဘွဲ့နှင်းသဘင် အပါအဝင် ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်မှ မွေးထုတ်ပေးခဲ့သည့် ဆရာဝန်ပေါင်း (၁၈၁၄၄) ဦး ရှိခဲ့ပြီး ဆေးလက်တွေ့ပါရဂူဘွဲ့ (၆၆၄) ဦး၊ ပါရဂူဘွဲ့ (၁၃၀)၊ ဆေးပညာမဟာသိပ္ပံ (၄၂၇၅) ဦး နှင့် ဒီပလိုမာ (၁၈၂၄) ဦးတို့ အောင်မြင်စွာ လေ့ကျင့်ပျိုးထောင် မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်