နေပြည်တော် အောက်တိုဘာ ၂၁
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်သည့် ကမ္ဘာ့မျက်မမြင် ပပျောက်ရေးနေ့ အထိမ်းအမှတ် ကွင်းဆင်းမျက်စိစမ်းသပ်ကုသပေးခြင်းကို နေပြည်တော်ကောင်စီ နယ်မြေ၊ လယ်ဝေးမြို့နယ်၊ သာဝတ္ထိတိုက်နယ်ဆေးရုံ၌ ယနေ့နံနက် ၉ နာရီတွင် ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစီအစဉ်အရ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူ များသည် လယ်ဝေးမြို့နယ်၊ သာဝတ္ထိတိုက်နယ်နှင့် နီးစပ်ရာကျေးရွာများမှ ဒေသခံပြည်သူများကို မျက်စိအထူးကု ဆရာဝန်ကြီးများက မျက်စိရောဂါ စမ်းသပ်စစ်ဆေးကုသပေးနေမှုများကို လှည့်လည်ကြည့်ရှုပြီး မျက်စိရောဂါ ဝေဒနာရှင်လူနာများကို မျက်မှန်များတပ်ဆင်ပေးခြင်း၊ ရောဂါနှင့်ပတ်သက်သည့် ဆေးဝါးများ ထောက်ပံ့ပေးခြင်းနှင့် လူနာများကိုတွေ့ဆုံ၍ အားပေးစကားပြောကြားသည်။
ယနေ့ကျင်းပသည့် “ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့” အထိမ်းအမှတ်ကွင်းဆင်း ဆေးကုသခြင်းများ ဆောင်ရွက်ခြင်းဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ဆောင်ရွက်ပေးနေသည့် မျက်စိကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ပြည်သူလူထုမှ သိရှိနိုင်ရန်နှင့် ကာကွယ်ကုသ၍ရသော မျက်စိရောဂါ များကြောင့် မျက်မမြင်ဖြစ်ပွားမှုနှုန်း လျော့နည်းပပျောက်သွားစေရန်ဟူသော ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ခွဲစိတ်ကုသမှုခံယူရန်လိုအပ်သည့် မျက်စိရောဂါ ဝေဒနာရှင်လူနာများကို ပျဉ်းမနားခုတင်(၂၀၀)ဆံ့ ဆေးရုံကြီးနှင့် မျက်စိရောဂါအထူးကု ဆေးရုံကြီး-နေပြည်တော်တွင် အခမဲ့ ခွဲစိတ်ကုသပေးမည်ဖြစ်သည်။
အလားတူ ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့အထိမ်းအမှတ် ကွင်းဆင်းမျက်စိ စမ်းသပ်ကုသပေးခြင်း အစီအစဉ်များကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့တို့တွင် ၂၀၂၂ခုနှစ်၊ အောက်တိုဘာလဒုတိယအပတ်နှင့် တတိယအပတ်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် မျက်စိကွယ်ရခြင်း အကြောင်းရင်းများစွာရှိသည့်အနက် အသက်အရွယ်ကြီး လာသည့် အခါဖြစ်ပွားမှုများပြားနိုင်သည့် အတွင်းတိမ်ရောဂါ၊ ဆီးချို/သွေးတိုး ရောဂါများ၏ နောက်ဆက်တွဲ မျက်စိရောဂါများ ဖြစ်ပွားမှုများသည်ကို တွေ့ရှိရပြီး မျက်ခမ်းစပ်ရောဂါနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ အနေဖြင့် (၂၀၂၀)ခုနှစ်၊ စက်တင်ဘာ (၁၀) ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပေးအပ်ချီးမြှင့်သည့် “မြန်မာနိုင်ငံတွင် မျက်ခမ်းစပ်ရောဂါကင်းစင်ကြောင်း အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းလွှာ” ကို ရရှိခဲ့ပြီးဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မျက်ခမ်းစပ်နှင့် မျက်မမြင် ကာကွယ်ရေးစီမံကိန်းဌာနများနှင့် ကုသရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံကြီးများရှိ မျက်စိကုဌာနများ တွင် အတွင်းတိမ်အခမဲ့ ခွဲစိတ်ကုသမှုခံယူနိုင်ရန်စီစဉ် ဆောင်ရွက်ထားရှိခြင်း၊ ဆီးချို/သွေးတိုး ရောဂါ သည်များ၏ အမြင်အာရုံမထိခိုက်စေရန် ကုသမှုပေးခြင်းနှင့် မျက်စိကျန်းမာရေး ပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး လိုအပ်သည့် ဆေးဝါးနှင့်ဆေးပစ္စည်းများ၊ မျက်စိရောဂါစမ်းသပ် စစ်ဆေး ကုသနိုင်မည့် ခေတ်မီဆေးပစ္စည်းကိရိယာများကို နိုင်ငံတော်ဘဏ္ဍာငွေဖြင့် နှစ်စဉ်ဝယ်ယူ ဖြည့်တင်း ပေးခြင်းနှင့် မျက်စိအထူးကုဆရာဝန်များ အပါအဝင် မျက်စိရောဂါကုသရေးနှင့် ပတ်သက်သည့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များကို ပြည်တွင်း/ပြည်ပတွင် လေ့ကျင့်မွေးထုတ်ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ မိဘပြည်သူများအနေဖြင့် မျက်စိနှင့်ပတ်သက်သည့် ရောဂါဝေဒနာများ ခံစားရပါက နီးစပ်ရာ မျက်ခမ်းစပ်နှင့် မျက်မမြင် ကာကွယ်ရေးစီမံကိန်းဌာနများနှင့် ကျန်းမာရေး ဌာနများသို့လည်းကောင်း၊ ပြည်သူ့ဆေးရုံများနှင့် မျက်စိအထူးကုဆေးရုံကြီးများ၏ ပြင်ပလူနာ ဌာနများသို့ သွားရောက်ပြသ၍ အခမဲ့ ကုသမှုခံယူနိုင်ကြောင်း သိရသည်။
(သတင်းစဉ်)