နေပြည်တော် ဒီဇင်ဘာ ၁၉ 

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း နှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး အတွင်းရှိ ပြည်သူ့ဆေးရုံကြီးများသို့ သွားရောက်ကြည့်ရှုသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအဖွဲ့ဝင်များ၊ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီး ဌာနမှူးနှင့် ဆေးရုံအုပ်ကြီးများ၊ မြို့နယ်ကုသရေးဦးစီး ဌာနမှူးများနှင့် တွေ့ဆုံပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်၍ ဆွေးနွေးသည်။

တွေ့ဆုံဆွေးနွေးစဉ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က မကွေးတိုင်း ဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးမှုများနှင့် လက်ရှိဆောင်ရွက်မှုကို ရှင်းလင်းပြောကြားပြီး  ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဗီဇပြောင်းမျိုးကွဲအသစ် အိုမီခရွန် (Omicron) နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ခြင်းအတွက် ပြည်ပမှ ပြန်လည်ဝင်ရောက် လာသူများ၏ အသွားအလာကန့်သတ်ခြင်းများကို အချိန်တိုးမြှင့်ကာ ကြပ်မတ်ဆောင်ရွက် ခြင်း၊ RT-PCR နည်းစနစ်ဖြင့် ရောဂါပိုးစစ်ဆေးခြင်းတို့ကို ဆောင်ရွက်နေပြီး ဖြစ်ပွား လာခဲ့ပါက လက်ခံကုသနိုင်ရေးအတွက်လည်း တစ်ပြိုင်တည်း ပြင်ဆင်ဆောင်ရွက်နေပါ ကြောင်း။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်နှင့် အထက် ထိုးနှံပြီးသူ (၁၉ ဒသမ ၅)သန်းကျော်ရှိပြီဖြစ် ပါကြောင်း၊ ပထမအကြိမ် ထိုးနှံပြီး ပါက အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်သဖြင့် ပထမအကြိမ် ထိုးနှံခြင်းကို လွှမ်းခြုံမှု ကောင်းအောင် ရည်မှန်းဆောင်ရွက်နေပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများ လည်း လုံလောက်စွာရှိပြီး ထပ်မံရောက်ရှိမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ ကာကွယ်ဆေး ထုတ်လုပ်နိုင်ရေး တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ မကြာမီစတင် ထုတ်လုပ်နိုင်မည်ဖြစ်ပါကြောင်း။

ပြည်သူလူထုအနေဖြင့်လည်း Mask တပ်ခြင်း၊ လက်ဆေးခြင်း စသည့် ကာကွယ် ရေးနည်းလမ်းများကို ဆောင်ရွက်မှု လျော့နည်းလာခြင်းတို့ မဖြစ်ပွားစေရအောင်  အသိပညာပေးလုပ်ငန်းများ အားဖြည့် ဆောင်ရွက်ရန်နှင့် လုပ်ငန်းလမ်းညွှန်များ လိုက်နာ ဆောင်ရွက်နိုင်ရေး ကြပ်မတ်ပေးရန်လိုအပ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီး၌ Liquid Oxygen မရှိသေးသဖြင့် ထောက်ပံ့နိုင်ရေး ညှိနှိုင်းစီစဉ်ပေးမည်ဖြစ်ပါကြောင်း။

ဆေးတက္ကသိုလ်၊ ဘွဲ့လွန်သင်တန်းများ ဖွင့်လှစ်ထားပြီးဖြစ်၍ ဆေးတက္ကသိုလ် ဒုတိယနှစ်၊ တတိယနှစ်၊ နောက်ဆုံးနှစ် အပိုင်း(က)နောက်ဆက်တွဲ သင်တန်းများကို  ဒီဇင်ဘာ  ၂၀ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ဆေးနှင့်ဆေးနှီးနွယ်တက္ကသိုလ်များ၏ ပုံမှန်သင်တန်းများကိုလည်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ဖွင့်လှစ်နိုင်ရန်ဆောင်ရွက် လျက်ရှိပါကြောင်း၊ အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး)၏ ပုံမှန်သင်တန်းများ ဖွင့်လှစ် တော့မည်ဖြစ်ပါကြောင်း၊ ကျောင်းသား/ကျောင်းသူများကို လိုအပ်သော ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရန်၊ အေးချမ်းစွာပညာသင်ကြားနိုင်ရေးနှင့် လုံခြုံရေးအတွက် ဆောင်ရွက်ပေးရန်တို့ကို  ကြပ်မတ်ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ပြောကြားသည်။

 ထို့နောက် တက်ရောက်လာသူများ၏ တင်ပြဆွေးနွေးချက်များအပေါ် ပြည်ထောင်စုဝန်ကြီး၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဉီးစီးဌာနမှူးတို့က လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းကာ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
    
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးမြို့ပြည်သူ့ဆေးရုံကြီး၌ ဂျပန်နိုင်ငံ အစိုးရ အထောက်အပံ့ဖြင့် တည်ဆောက်ထားရှိသည့် အဆောက်အဦသစ်သို့ သွားရောက်ကြည့်ရှု၍ အဆိုပါ အဆောက်အဦ၌ ဆေးကုသရေးလုပ်ငန်းများ အမြန်ဆုံး စတင်နိုင်ရေး  မှာကြားသည်။
    
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင်းဘူးမြို့ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကာ ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုဆရာမကြီး များနှင့် တွေ့ဆုံ၍ လိုအပ်ချက်များ မေးမြန်းဆွေးနွေးကာ  တက်ရောက်လာသူများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်နေသော ဘာသာရပ်ဆိုင်ရာ   ပါမောက္ခများကို ဆေးတက္ကသိုလ်(မကွေး)ရှိ ဘာသာရပ်ဆိုင်ရာ ပါမောက္ခများက ပူးတွဲ တာဝန် ထမ်းဆောင်နိုင်ရေး၊ Oxygen Plant အသစ်ထောက်ပံ့နိုင်ရေးနှင့် သူနာပြုဆရာမ ကြီးများကို ရာထူးတိုးမြှင့်ခန့်ထားနိုင်မည့် အစီအစဉ်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ 

(သတင်းစဉ်)

mdn