နေပြည်တော် ဇန်နဝါရီ ၆
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း နှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တို့သည် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ကြို့ပင်ကောက်မြို့၊ ပြည်သူ့ဆေးရုံ (၂)ထပ် ကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြပြီး ကုသဆောင်သစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူးက ဧည့်သည်တော်များအား ဖွင့်ပွဲအထိမ်း အမှတ်လက်ဆောင်များကို ပေးအပ်သည်။
ယင်းနောက်ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့သည် (၂)ထပ်ကုသဆောင်သစ်အတွင်းရှိ လူနာခန်းများ၊ ခွဲစိတ်ခန်းများကို လှည့်လည်ကြည့်ရှုကာ လူနာများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများပေးအပ်ကာ အဆောက်အဦသစ်ကို ရေရှည်သန့်ရှင်းသပ်ရပ်စွာ တည်တံ့စေရေးအတွက် ဆက်လက်ထိန်းသိမ်းသွားကြရန်၊ ကုသရေးလုပ်ငန်းများကိုအားဖြည့် ဆောင်ရွက်ကြရန်၊ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ကွင်းဆင်းကုသမှုများ ဆောင်ရွက်ကြရန် မှာကြားသည်။
ယနေ့ဖွင့်လှစ်သည့် ကြို့ပင်ကောက်မြို့၊ ပြည်သူ့ဆေးရုံ (၂)ထပ်ကုသဆောင်သစ်သည် စတုရန်းပေ ၁၈,၆၀၀ ကျယ်ဝန်းပြီး စီမံကိန်းတန်ဖိုး ငွေကျပ် (၅၃၆ ဒသမ၅) သန်း အကုန် အကျခံ တည်ဆောက်ခဲ့ကာ လူနာဆောင်များ၊ ခွဲစိတ်ခန်းများ၊ သားဖွားခန်းနှင့် ဆေးပေးခန်းတို့ ပါဝင်သည်။
ဆက်လက်၍ လက်ပံတန်းမြို့ ပြည်သူ့ဆေးရုံ (၂)ထပ်ကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ကုသဆောင်သစ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူးက ဧည့်သည်တော်များအား ဖွင့်ပွဲအထိမ်း အမှတ်လက်ဆောင်များကိုပေးအပ်ကာ (၂)ထပ် ကုသဆောင်သစ်ကို လှည့်လည်ကြည့်ရှုကြပြီး နိုင်ငံတော်က နှစ်စဉ်ထောက်ပံ့ပေးအပ်သော ရန်ပုံငွေများကို ပြည်သူများရရှိခံစားနိုင်စေရေး အကျိုးရှိစွာအသုံးပြုကြရန်၊ လူနာများ စိုက်ထုတ်ကုန်ကျငွေ သက်သာစေရေးအတွက် အဓိကဆေးဝါးများ ထောက်ပံ့ပေးနိုင်ရေးဆောင်ရွက်ရန် မှာကြား၍ ဆေးရုံတက်ရောက်နေသော လူနာများအား တွေ့ဆုံနှုတ်ဆက်ကာ ထောက်ပံ့ငွေများ ပေးအပ်ကြသည်။
လက်ပံတန်းမြို့ ပြည်သူ့ဆေးရုံတွင် ယနေ့ ဖွင့်လှစ်သည့် ကုသဆောင်သစ်သည် အလျား ပေ၁၂၀ ၊ အနံ ၈၆ ပေ ကျယ်ဝန်းပြီး စီမံကိန်းတန်ဖိုး ငွေကျပ် (၂၂၉)သန်း အကုန်အကျခံ တည်ဆောက်ခဲ့ပြီး လူနာဆောင်များ၊ ခွဲစိတ်ခန်းများနှင့် ဆေးပေးခန်းများ ပါဝင်ကြောင်း သိရသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သဲကုန်းမြို့နယ်၊ အင်းမတိုက်နယ်ဆေးရုံသို့ ရောက်ရှိကြပြီး ဆေးရုံအတွင်း အရေးပေါ်လူနာဌာန၊ လူနာဆောင်များ၊ ဓာတ်မှန်ဌာန၊ ဓာတ်ခွဲခန်း၊ ခွဲစိတ်ခန်း၊ သားဖွားခန်း၊ ဆေးစတိုတို့ကို လှည့်လည် ကြည့်ရှုပြီး လူနာများအား တွေ့ဆုံအားပေး စကားပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်သည်။ ထို့နောက် အင်းမတိုက်နယ်ဆေးရုံမှ တိုက်နယ်ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများကို တွေ့ဆုံကာ တင်ပြချက်များအပေါ် ဖြည့်ဆည်းပေးပြီး ကျန်းမာရေးဝန်ထမ်းများကို ချီးမြှင့်ငွေများ ပေးအပ်သည်။
ဆက်လက်၍ ဝက်ပုတ်ကျေးလက်ကျန်းမာရေးဌာနခွဲသို့ သွားရောက်၍ ပြင်ပလူနာဆေး ကုသမှု၊ မီးဖွားခန်း၊ ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေးစောင့်ရှောက်မှု တို့ကိုကြည့်ရှု စစ်ဆေးပြီး ပြည်သူ့ကျန်းမာရေးဝန်ထမ်းများကို တွေ့ဆုံ၍ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများကို ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်