နေပြည်တော်၊ ဇန်နဝါရီ ၅

 

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ပြည်သူ့ဆေးရုံကြီး၊ (၅)ထပ်ကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်၊ (ပြည်)မှ ဒေသကွပ်ကဲရေး စစ်ဌာနချုပ် မှူး၊ ဗိုလ်မှူးချုပ် ဆန်းဌေးမောင်နှင့် တပ်မတော် အရာရှိကြီးများ၊ ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အထူးကုဆရာဝန်ကြီးများ၊ တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး၊ ဆေးရုံအုပ်ကြီး၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

 

ရှေးဦးစွာ ပြည်မြို့၊ ပြည်သူ့ဆေးရုံကြီး (၅)ထပ်ကုသဆောင်သစ်ကို ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး ဖွင့်ပွဲအထိမ်း အမှတ်ကမ္ဗည်းမော်ကွန်းကို အမွှေးနံ့သာရည်များ ပက်ဖျန်း‌ပေးကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက် ကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ယနေ့ဖွင့်လှစ်သည့် (၅)ထပ်ကုသဆောင်သစ်အပြင် ပဲခူးတိုင်းဒေသကြီး အတွင်း၌ ပန်းတောင်းမြို့၊ လက်ပံတန်းမြို့၊ ကြို့ပင်ကောက်မြို့နှင့် နတ္တလင်း မြို့တို့၌ ကုသဆောင်သစ်များ ဖွင့်လှစ်မည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အခြေခံအ ဆောက်အဦ (Infrastructure)များ ဖြည့်ဆည်းဆောင်ရွက် ပေးသကဲ့သို့ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များကိုလည်း ဘက်ပေါင်းစုံမှမွေးထုတ်ပေးလျက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများ၏ ဆေးကုသမှုအရည် အသွေးမြှင့်တင်ရေးအတွက်လည်း နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးတွင် ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး(၂)ရုံ အပါအဝင် ဆေးရုံပေါင်း (၁၁၂)ရုံ ဖွင့်လှစ်ထားပြီး လူနာခုတင် (၃၆၆၂)ခုတင်အထိ လက်ခံကုသ ပေးနိုင်ပါ ကြောင်း၊ ပြည်မြို့အတွက်သာမက ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်းနှင့် မကွေးတိုင်းဒေသ ကြီး တို့ရှိ မြို့နယ်များကပါ လွှဲပြောင်းကုသ ဆောင်ရွက်နိုင်မည့် ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးဖြစ်သည် နှင့်အညီ ပြည်သူ့ဆေးရုံကြီး၊ ပြည်မြို့တွင် အထူးကုဌာန (၁၃)ခုဖွင့်လှစ်ကာ အထူးကုဆရာဝန်များ သာမက လက်ထောက်ဆရာဝန်၊ သူနာပြု၊ ဆေးဘက်ကျွမ်း ကျင်အင်အားလည်း အများအပြား ဖြည့်ဆည်းထား ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဆေးကုသမှုဆိုင်ရာဝန်ဆောင်မှု ပိုမိုကောင်းမွန်စေရေး အတွက် အထူးကုပြင်ပလူနာဌာနများကို တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း။     ပါမောက္ခ/ အထူးကု ဆရာဝန်ကြီးများပါဝင်သည့် အထူးကုကွင်းဆင်းကုသမှု ခရီးစဉ်များဖြင့်လည်း အားဖြည့်ဆောင်ရွက် လျက်ရှိပါကြောင်း၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအတွက်လည်း ဆေးကုသမှု ဆောင်ရွက်ပေးသည့်အပြင် မိမိအိတ်ထဲမှစိုက်ထုတ်ရသည့် ကုန်ကျစရိတ်များအတွက် ဝန်ကြီးဌာနအနေဖြင့် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုဖွင့်လှစ်သည့် ဆေးရုံကြီး ရေရှည်တည်တံ့ခိုင်မြဲအောင် ကျန်းမာရေးဝန်ထမ်းများအားလုံး ဝိုင်းဝန်းဆောင်ရွက် ပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ပြည်သူ့ဆေးရုံကြီးနှင့် အခြားသော ပြည်သူ့ဆေးရုံများအတွက် လိုအပ်သည်များ ဆက်လက်ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ပြောကြားပြီး ပဲခူးတိုင်း ဒေသကြီး ကုသရေးဦးစီးဌာနမှူး ဒေါက်တာသီဟနှင့် ပြည်သူ့ဆေးရုံကြီး၊ ပြည်မြို့မှ ဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုးတို့က ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရလက်ဆောင်များကို အထူးဧည့်သည်‌ တော်များကို နေရာအရောက်ပေးအပ်၍ ဆေးရုံအုပ်ကြီးက ကျေးဇူးတင်စကား ပြောကြား သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် (၅)ထပ်ကုသဆောင်သစ်အတွင်း အရေးပေါ်နှင့်ပြင်ပလူနာဌာန၊ ပုံရိပ်ဖော်ရောဂါရှာဖွေရေးဌာန၊ ခွဲစိတ်ခန်း များ၊ အထူးကြပ်မတ်ကုသခန်းများ၊ ခွဲစိတ်ကုသဆောင်၊ အစည်းအဝေးခန်းမနှင့် အခပေးလူနာခန်းများကို လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ မှာကြားသည်။

 

အဆိုပါဖွင့်လှစ်သည့် (၅)ထပ်ကုသဆောင်သစ်သည် ပေ ၂၄၀ x ၆၇ ပေ အကျယ်အဝန်းရှိပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ အထူးအဖွဲ့(၃)အား လုပ်ငန်းအပ်နှံ၍ ၂၀၂၁ခုနှစ်ဧပြီ၂၀ ရက်တွင် စတင်ဆောက်လုပ်ခဲ့ကာ ၂၀၂၃ခုနှစ်အောက်တိုဘာ၁၀ရက်တွင် လုပ်ငန်းများ ပြီးစီးခဲ့သည်။ စီမံကိန်းတန်ဖိုး ငွေကျပ်သန်း (၄၇၃၅ဒသမ၇) အကုန်အကျခံ တည်ဆောက်ခဲ့ပြီး အရေးပေါ်နှင့် ပြင်ပလူနာ ဌာန၊ ဓာတ်မှန်ဌာန၊ ဓာတ်ခွဲခန်း၊ ခွဲစိတ်ခန်း (၇)ခန်းနှင့် အထူးကြပ်မတ်ကုသ ဆောင်(ICU)၊ ခွဲစိတ်လူနာကုသဆောင်၊ သားဖွားမီးယပ်လူနာကုသဆောင်၊ အစည်းအဝေးခန်းများနှင့် သီးသန့်လူနာခန်း များပါဝင်ကာ လူနာများ အဆင်ပြေစေရေးအတွက် ဓာတ်လှေကား (၂)စင်းလည်း တပ်ဆင်ထားသည်။

 

မွန်းလွဲပိုင်းတွင်  ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့သည် ပြည်သူ့ဆေးရုံ၊ ပန်းတောင်းမြို့ (၂)ထပ်ကုသ ဆောင်သစ်ဖွင့်လှစ်ပွဲသို့ တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကာ မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကြသည်။ ထို့နောက် ပဲခူးတိုင်း ဒေသကြီး ကုသရေးဦးစီးဌာနမှူး ဒေါက်တာသီဟက အထူးဧည့်သည်တော်များအား ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရလက်ဆောင်များကို နေရာအရောက် ပေးအပ်ပြီး (၂)ထပ်ကုသဆောင်သစ်ကို လှည့်လည်ကြည့်ရှု ခဲ့ကြသည်။

 

အဆိုပါဖွင့်လှစ်သည့် (၂)ထပ်ကုသဆောင်သစ် သည် ပေ ၁၂၀ x ၅၆ ပေ အကျယ်အဝန်းရှိပြီး ၂၀၁၉ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ကာ ၂၀၂၃ ခုနှစ်၊ မတ်လတွင် လုပ်ငန်းများ ပြီးစီးခဲ့သည်။ စီမံကိန်းတန်ဖိုး ငွေကျပ်သန်း (၃၈၈ဒသမ၃၀၄) အကုန်အကျခံ တည်ဆောက်ခဲ့ပြီး အရေးပေါ်ဌာန၊ သွားနှင့်ခံတွင်းဌာန၊ ဓာတ်မှန်ဌာန၊ ဓာတ်ခွဲဌာန၊ မွေးကင်းစကလေးကုသဌာန၊ ခွဲစိတ်ခန်း ၂ ခန်း၊ မွေးဖွားခန်း၊ ဆေးပေးခန်း၊ လူနာဆောင်၊ ရုံးခန်းနှင့် ဆေးစတိုများ ပါဝင်ကြောင်း သိရသည်။

(သတင်းစဉ်)