နေပြည်တော် နိုဝင်ဘာ ၂၇

ပြည်သူ့ဆေးရုံများတွင် ပြည်သူ့ဆက်ဆံရေးကဏ္ဍတိုးတက်ကောင်းမွန်စေရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ (၂)တွင် ကျင်းပသည်။

ဉီးစွာ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ဆေးရုံများကို ပြည်သူလူထုမှ ပိုမိုအားကိုးလာသဖြင့် လူနာများပြားလာ၍ ဝန်ထမ်းများအနေဖြင့် လူနာများ၊ လူနာရှင်များနှင့် ကောင်းမွန်စွာ ဆက်ဆံနိုင်ရန်အတွက် အလုပ်ရုံဆွေးနွေးပွဲ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် ဆရာဝန်၊ သူနာပြုသစ်လွင်များကို သင်တန်းပေးရန်လိုအပ်ကြောင်း၊ ယခုဆွေးနွေးပွဲ တက်ရောက်လာသူများ အနေဖြင့်လည်း မိမိတို့ဆေးရုံသို့ပြန်လည်ရောက်ရှိချိန်တွင် အတွေ့အကြုံများကို မျှဝေခြင်း၊ အကြံဉာဏ်များ မျှဝေဖလှယ်ခြင်းများ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဆေးရုံများသည် အခြားနေရာများနှင့် မတူသည်မှာ ပြည်သူများသည် မကျန်းမာ၍ ဆေးရုံလာရခြင်းဖြစ်ပြီး လူနာအတွက် မျှော်လင့်ချက်များ၊ စိုးရိမ်စိတ်များ ရှိနေကြကြောင်း၊ 

ထို့ကြောင့် မိမိတို့ဝန်ထမ်းများသည် ပြည်သူများအားကိုးလောက်သည့် ပြောဆို ဆက်ဆံမှု၊ ဝတ်စားဆင်ယဉ်မှု ဖြစ်ရန်၊ ကျန်းမာရေးဝန်ထမ်း အဆင့်ဆင့်မှ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့် လူစွမ်းအားအရင်းအမြစ်များ ဖြည့်ဆည်းပေးလျက်ရှိကြောင်း  ၊ ယခုနှစ် ဒီဇင်ဘာလတွင် သူနာပြု(၁၈၀၀)ခန့်အပ်ရန်ရှိပြီး ဆရာဝန်များနှင့် ဆေးဘက်ကျွမ်းကျင်ဝန်ထမ်းများ ဆက်လက်ခန့်အပ်သွားမည်ဖြစ်ကြောင်း  မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက ပြည်သူ့ဆေးရုံများတွင် လူနာများကို နွေးထွေး ပျူဌာစွာ ကြိုဆိုဆက်ဆံရေးနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များကို မှာကြားသည်။

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ ဗဟိုအဆင့် ဆေးရုံကြီး များမှ ဒုတိယဆေးရုံအုပ်ကြီးများ၊ လက်ထောက် ဆေးရုံအုပ်များ၊ သူနာပြုအုပ်ကြီးများနှင့် သူနာပြုအုပ်များ၊ ဆေးလူမှုဆက်ဆံရေးဝန်ထမ်းများနှင့် ကုသရေး ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး အလုပ်ရုံဆွေးနွေးပွဲကို (၂)ရက်ကြာ ကျင်းပကာ ပြည်နယ်/တိုင်း ဒေသကြီးများတွင် ဆင့်ပွားသင်တန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်