နေပြည်တော် ဩဂုတ် ၂၁
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ ပြည်သူ့ဆေးရုံကြီးများသို့ သွားရောက်၍ ဆေးရုံလုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဉီးစွာ ပြည်ထောင်စုဝန်ကြီးသည် ကလေးဆေးရုံကြီး-ရန်ကုန် သို့ရောက်ရှိကာ ဆေးကုသ ဆောင်၊ ကလေးခွဲစိတ်ကုသဆောင်၊ မွေးကင်းစကလေးကုသဆောင်၊ အထူးကြပ်မတ်ကုသ ဆောင်နှင့် ကလေးအရိုးကုသဆောင်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများက ကုသရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေကိုတင်ပြသည်။
ယင်းနောက် ဌာနရန်ပုံငွေဖြင့် ဝယ်ယူထောက်ပံ့ထားရှိသည့် ဆေးဝါးများ ရရှိသုံးစွဲမှု အခြေအနေ၊ နိုင်ငံတော်အစီအစဉ်ဖြင့် ရောဂါရှာဖွေရေး၊ ဓာတ်ခွဲစစ်ဆေးခြင်းများ ဆောင်ရွက်ပေးနိုင်မှု၊ လိုအပ်သောကုသမှုများရရှိရေး ဆောင်ရွက်ထားရှိမှုနှင့် အထူးကုပြင်ပလူနာဌာန ဖွင့်လှစ်ဆောင်ရွက်နိုင်မှုတို့ကို စစ်ဆေးကာ လူနာများ နေရာကျယ်ဝန်းစွာ ကုသမှုခံယူနိုင်ရေးအတွက် ဖျားနာဆောင်တိုးချဲ့ဖွင့်လှစ်ရန်နှင့် ဝန်ထမ်းရေးရာကိစ္စရပ်များ အားဖြည့်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးအထူးအဖွဲ့-၁ မှ တာဝန်ယူ ဆောက်လုပ်ခဲ့သောတိုးချဲ့ (၆)ထပ်ကုသဆောင်သစ်ကို လှည့်လည်ကြည့်ရှုကာ အမြန်ဆုံး လွှဲပြောင်း/လက်ခံဆောင်ရွက်ရန်နှင့် အတွင်းလူနာထားရှိကုသနိုင်ရေး လိုအပ်သည်များ ပြင်ဆင်ထားရှိရန် မှာကြားသည်။
ညနေပိုင်းတွင် မျက်စိရောဂါအထူးကု ဆေးရုံကြီး၊ ရန်ကုန်သို့ရောက်ရှိကာ မြေညီထပ်ရှိ ပြင်ပလူနာဌာန၊ အရေးပေါ်ဌာန၊ ဓါတ်ခွဲခန်း၊ ဓါတ်မှန်ခန်း၊ ရေတိမ်ရောဂါအထူးကုစမ်းသပ်ခန်း၊ မျက်စိရောဂါ အထူးစမ်းသပ်ခန်းတို့အား ကြည့်ရှုစစ်ဆေးပြီး ဆေးကုသမှုခံယူနိုင်မှု အခြေအနေကို လူနာများအားမေးမြန်းကာ ဌာနအစီအစဉ်ဖြင့် ဆေးဝါးများပံ့ပိုးထားရှိမှု၊ ရောဂါရှာဖွေရေး လုပ်ငန်း စီစဉ်ဆောင်ရွက်ပေးနေမှု၊ လူနာများအနေဖြင့် ကျန်းမာရေးကုန်ကျစရိတ် စိုက်ထုတ် သုံးစွဲရမှုလျှော့ချနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုတို့ကို အသိပေးပြောကြားကာ ဌာနအနေဖြင့် ပိုမိုပံ့ပိုးဆောင်ရွက်နိုင်ရေး မှာကြားသည်။
ဆက်လက်၍ ပထမထပ်ရှိ ကလေးမျက်စိရောဂါဆိုင်ရာ မျက်စိအထူးစမ်းသပ်ခန်း၊ မြင်လွှာနှင့် မျက်စိအထူးစမ်းသပ်ခန်း၊ မျက်ခွံ၊ မျက်ရည်လမ်းကြောင်း၊ မျက်လုံးအိမ်ပိုင်းဆိုင်ရာ မျက်စိအထူး စမ်းသပ်ခန်း၊ မျက်ကြည်လွှာဆိုင်ရာ မျက်စိအထူးစမ်းသပ်ခန်း၊ လေဆာခန်း၊ ဒုတိယထပ်ရှိ အမျိုးသမီးဆောင်၊ သီးသန့်လူနာခန်းများနှင့် တတိယထပ်ရှိ ရန်ကုန်အမျိုးသား မျက်စိဘဏ်တို့အား ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက်ဝန်ထမ်းများနှင့် တွေ့ဆုံကာ ရန်ကုန် အမျိုးသားမျက်စိဘဏ် မျက်ကြည်လွှာလှူဒါန်းမှု ပိုမိုရရှိရေး ဆောင်ရွက်ထားမှု အခြေအနေများ၊ မျက်စိခွဲစိတ်မှု လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့ကို ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနအနေဖြင့် ပံ့ပိုးကူညီဆောင်ရွက်ရန်၊ မျက်တွင်းမှန်ဘီလူးများ ပိုမိုထောက်ပံ့နိုင်ရေး ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်း ခွဲစိတ်အထူးကုဆေးရုံကြီး၊ ရန်ကုန်မြို့သို့ ရောက်ရှိကာ လူနာဆောင်များ၊ ခွဲစိတ်ခန်း၊ ပြင်ပလူနာဌာနများသို့ လှည့်လည်ကြည့်ရှုပြီး အစည်းအဝေးခန်းမတွင် ဆေးရုံအုပ်ကြီးအပါအဝင် တာဝန်ကျအထူးကုဆရာဝန်ကြီးများနှင့် တွေ့ဆုံ၍ ဆေးရုံဥပဓိရုပ်ကောင်းမွန်ရေးနှင့် ဆေးရုံသုံး ပစ္စည်းများ သပ်ရပ်တင့်တယ်စေရေးလိုအပ်သော ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက် ထားရှိရန်၊ ပြင်ပလူနာကြည့်ရှုကုသမှု ပိုမိုအားဖြည့်ဆောင်ရွက်ရန် မှာကြားပြီး တင်ပြချက်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


