နေပြည်တော် မေ ၂၃

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် တာဝန် ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့  သွားရောက်ကာ ဆေးကုသရေး လုပ်ငန်းများဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် PET/CT စက်ဖြင့် လူနာများ စစ်ဆေးဆောင်ရွက်မှု အဆင့်ဆင့်နှင့် Cyclotron စက် လည်ပတ်ဆောင်ရွက်နေမှုအဆင့်ဆင့်တို့ကို ကြည့်ရှုစစ်ဆေးပြီး PET/CT စက်သည် ကင်ဆာရောဂါဝေဒနာရှင်များကို ရောဂါရှာဖွေရှာတွင် အလွန်အသုံးဝင်သည့် စက်ဖြစ်သဖြင့် နိုင်ငံတော်မှ ငွေအမြောက်အများ ကုန်ကျခံကာ ဝယ်ယူဖြည့်ဆည်းထားခြင်းဖြစ်သောကြောင့် ရေရှည်အသုံးပြုနိုင်ရေးနှင့် လူနာများအတွက် အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် အလေးထား ဆောင်ရွက်ပေးရန်၊ PET/CT စက်ဖြင့် စစ်ဆေးရာတွင် လူနာများ စစ်ဆေးမှု ခံယူရသည့် စောင့်ဆိုင်းရချိန် ကြာမြင့်မှုမရှိစေရေးနှင့် လိုအပ်သည့်ဆေးရုံသုံးပစ္စည်းများ ဖြည့်ဆည်း ပေးနိုင်ရေးအတွက် မှာကြားခဲ့ကာ အရေးပေါ်ကုသမှုဌာနတွင် အရေးပေါ်လူနာများ ကုသပေးနေမှု၊ ပြင်ပ လူနာများ ကုသပေးနေမှု၊ ခွဲစိတ်အထူးကုဆရာဝန်များအဖွဲ့ကုသမှု (Surgical Observation)၊ ဆေးပညာ အထူးကုဆရာဝန်များ အဖွဲ့ကုသမှု (Medical Observation) တို့ကို ကြည့်ရှုပြီး လူနာနှင့်ကျန်းမာရေး ဝန်ထမ်းများကို အားပေးစကားပြောကြားကာ အရေးပေါ်ကုသမှုဌာနရှိ အရေးပေါ်ခွဲစိတ်ခန်းတွင် ခွဲစိတ်ကုသမှုလုပ်ငန်း ဆောင်ရွက်နေမှုကိုကြည့်ရှု၍ လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခချုပ် (ဆေးရုံ အုပ်ကြီး/ကုသရေး) ဦးဆောင်သည့် ဆေးရုံစီမံအုပ်ချုပ်သူများကို တွေ့ဆုံကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ၏ ဆေးရုံလုပ်ငန်းဆောင်ရွက်မှု တိုးတက်လာသည်ကို တွေ့ရှိရပါကြောင်း၊ ယခုထက် ပိုမိုကောင်းမွန် သော ဝန်ဆောင်မှုများဖြင့် ကုသမှုပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးရန်၊ အရေးပေါ် ကုသမှုများ လစ်ဟင်းမှုမရှိစေရေး စနစ်တကျ စီမံခန့်ခွဲဆောင်ရွက်ပေးရန်၊ နိုင်ငံတော်မှ ခွဲဝေချထားပေးသည့် ဆေးဝါးရန်ပုံငွေများကို ပြည်သူများအတွက် အမှန်တကယ် လိုအပ်သည့် ဆေးဝါးများ ဝယ်ယူထောက်ပံ့နိုင်ပြီး လူနာများ၏ ကိုယ်ပိုင်ငွေမှ စိုက်ထုတ်ကုန်ကျရငွေ လျော့နည်းကျဆင်း စေရေးအတွက် စီမံခန့်ခွဲမှု ကောင်းမွန်စွာဖြင့် အလေးထားဆောင်ရွက်ပေးရန်တို့ကို မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆေးတက္ကသိုလ်(၁)ရန်ကုန်၌  ဆေးတက္ကသိုလ် (၁)ရန်ကုန်၊ ဆေးပညာသင်ကြားရေးအဖွဲ့ဝင်များနှင့်တွေ့ဆုံဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီး က ဘာသာရပ်ဆိုင်ရာအထူးကုဆရာဝန်များအနေဖြင့် မိုခါမုန်တိုင်းဒဏ်သင့် နေရာများသို့ သွားရောက်၍ ပြည်သူလူထုကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ပါမောက္ခဌာ နမှူးများအနေဖြင့် ဘွဲ့ကြို/ဘွဲ့လွန်သင်တန်းသားများ ဆေးပညာသင်ကြားရေးအတွက် အထူးတာဝန် ရှိပါကြောင်း၊ အရည်အသွေးပြည့်ဝသည့် ဆေးပညာသင်ကြားမှုကို ကျောင်းချိန်အတွင်း သင်ရိုးညွှန်း တမ်းအတိုင်း ပြည့်ဝစွာသင်ကြားနိုင်ရန် စီစဉ်ကြီးကြပ်ရမည် ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များကို ဘက်စုံထောင့်စုမှ မွေးထုတ်ပေးလျက်ရှိပါကြောင်း၊ ဆရာ/မများအနေဖြင့် ဆေးပညာသင်ကြားရေးအပြင်ကုသရေး လုပ်ငန်းများကိုပါ တာဝန်ယူဆောင်ရွက် သွားရမည်ဖြစ်ကြောင်း မှာကြားသည်။ ဆက်လက်၍ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းက ဆေးပညာသင် ကြားရေးဆိုင်ရာများကို ရှင်းလင်းတင် ပြသည်။ ထို့နောက် တက်ရောက်လာကြသည့် ပါမောက္ခ/ ဌာနမှူး များက ဆေးပညာသင်ကြားရေး ဆိုင်ရာ ကိစ္စများကိုတင်ပြကြရာ၊ ပြည်ထောင်စုဝန်ကြီးနှင့် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ 

ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဗဟိုဆေးသိုလှောင်ရေးဌာနသို့ သွားရောက်ကာ ဆေးနှင့်ဆေးပစ္စည်းများ စနစ်တကျသိုလှောင်ထားရှိမှု ကို လည်းကောင်း၊ မိုခါမုန်တိုင်း ဒဏ်ခံစားခဲ့ရ သည့်ဒေသများသို့ ပို့ဆောင်မည့် Disaster Kitများ၊ Emergency Kit များ၊ Trauma kit များ၊ ကလိုရင်းဆေးမှုန့်များ၊ အလှူရှင်များမှလှူဒါန်ထားသည့်ဆေးပစ္စည်းများအား စနစ်တကျထုပ်ပိုးကာ ပို့ဆောင်ရန်ပြင်ဆင်နေမှုကိုလည်းကောင်းကြည့်ရှုစစ်ဆေးကာ ဗဟိုဆေးသိုလှောင်ရေးဌာနကို ရာသီ ဉတုဒဏ်၊ သဘာဝဘေးဒဏ်ခံနိုင်သည့် အဆောက်အဦဖြစ်အောင် အမြဲမပြတ်ကြည့်ရှုစစ်ဆေးပြီး ပြင်ဆင်ထားရှိရန်နှင့် ဆေးနှင့်ဆေးပစ္စည်းများ အလေအလွင့်မရှိစေရေး အဆင့်ဆင့်ကြီးကြပ်သွားရန် မှာကြားသည်။

သတင်းစဉ်