နေပြည်တော်  ၂    ဒီဇင်ဘာ

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာန၏ မြန်မာအက အခြေခံ ကဗျာလွတ်အက (ပထမအဆင့်) ဆင့်ပွားနည်းပြသင်တန်း အမှတ်စဉ် (၂/၂၀၁၉) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ယခုဖွင့်လှစ်မည့် သင်တန်းတွင် တိုင်းရင်းသားများအားလုံး ပိုင်ဆိုင်သည့် မြန်မာအကအခြေခံကဗျာလွတ်ဟု အမည်ပေးထားသော အက၏ အခြေခံစနစ်ကို သင်ကြားပေးသွားမည် ဖြစ်ပါကြောင်း၊ မြန်မာအက အခြေခံ သင်ပုန်းကြီးကို တတ်မြောက်လျှင် နိုင်ငံအတွင်းမှာရှိသည့် တိုင်းရင်းသားများ၏ ရိုးရာဓလေ့ အကများကို ကပြနိုင်သည့် အခြေခံနည်းစနစ်တစ်ခုကို ကျွမ်းကျင်ပိုင်နိုင်စွာ ရရှိသွားကြမည် ဖြစ်ပါကြောင်း၊ သင်တန်းကာလ ၁၀ ရက်အတွင်း သင်ကြားပေးနိုင်ရန် ပြင်ဆင်ထားသည့် သင်ရိုးညွှန်းတမ်းဖြစ်သည့်အတွက် သင်တန်းသား သင်တန်းသူ ဆရာ ဆရာမများကို အချိန်တိုအတွင်း မြန်မာအက၏ အခြေခံသဘော သဘာဝကို သိရှိနားလည်ပြီး ကျောင်းသား/ကျောင်းသူများကို ပြန်လည်ဆင့်ပွားသင်ကြားပေးနိုင်ရန်အတွက် ဦးတည် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် မေလတွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာအကအခြေခံ ကဗျာလွတ်အက (ပထမအဆင့်) ဆင့်ပွားနည်းပြသင်တန်း အမှတ်စဉ်(၁/၂၀၁၉)တွင် ပထမဆုရရှိခဲ့သော မကွေးတိုင်းဒေသကြီးမှ သင်တန်းသူများ၏ ကဗျာလွတ်အက ဗီဒီယိုကိုပြသပြီး အနုပညာဦးစီးဌာန ထုတ်လုပ်ဌာနခွဲမှ အနုပညာရှင်ဝန်ထမ်းများက “ကဗျာ့ပန်းမြိုင်လယ်” ယိမ်းအကဖြင့် သရုပ်ပြဖျော်ဖြေ တင်ဆက်ကြသည်။

 

မြန်မာအကအခြေခံ ကဗျာလွတ်အက(ပထမအဆင့်) ဆင့်ပွားနည်းပြသင်တန်း အမှတ်စဉ် (၂/၂၀၁၉)တွင် မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့်  ရန်ကုန်တိုင်းဒေသကြီးတို့မှ သင်တန်းသား သင်တန်းသူ ၁၀ဝ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)