နေပြည်တော် ၁၃ ဒီဇင်ဘာ
မြန်မာသမိုင်းအဖွဲ့ လစဉ်ပုံမှန်အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ရှိ အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ပညာဆောင်၌ ကျင်းပသည်။
အစည်းအဝေးတွင် မြန်မာသမိုင်းအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဝန်ကြီးဌာနနှင့် ပညာရှင်များ ညှိနှိုင်းကာ စာတမ်းဖတ်ပွဲများ ကျင်းပနိုင်ခဲ့သည့်အတွက် သမိုင်းဘာသာရပ် ပြန်လည်ရှင်သန်လာပြီး သမိုင်းဘာသာရပ် သင်ကြားမည့် ကျောင်းသူ ကျောင်းသားများ များပြားလာပါကြောင်း၊ သမိုင်းသုတေသန၏ အဓိကကျသော စာတမ်းဖတ်ပွဲများကျင်းပခြင်း၊ စာအုပ်စာတမ်းများ ပြုစုရေးသားထုတ်ဝေခြင်း၊ ကွင်းဆင်းခရီးသွား ရောက်ခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်နေပါကြောင်း၊ သမိုင်းသုတေသနဌာနမှ လူငယ်များကို သမိုင်းအထောက်အထားများ လေ့လာရေးခရီးအဖြစ် နှစ်စဉ်အနည်းဆုံး နှစ်ကြိမ်ခန့် စီစဉ်ပေးရန်၊ ပျူစာပေနှင့်ပတ်သက်ပြီး ဌာနတွင်းဝန်ထမ်းများကို သင်တန်းများ စီစဉ်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်နှင့် မြန်မာသမိုင်းအဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်နေမှုများကို ဆွေးနွေး အကြံပြုတင်ပြကြသည်။
အမျိုးသားစာကြည့်တိုက်ကို ၂ဝ၂ဝ ပြည့်နှစ် ဧပြီလတွင် ဖွင့်လှစ်နိုင်ရန် ရည်မှန်းဆောင် ရွက်နေပြီး အမျိုးသားစာကြည့်တိုက်၏ပုံရိပ်ကို နိုင်ငံတကာမှ သိရှိအောင် ဖွင့်ပွဲမတိုင်မီ စာတမ်းဖတ်ပွဲများကို ကျင်းပသွားမည့်အပြင် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် “မြန်မာ့ အစဉ်အလာဓလေ့ကို ရှာဖွေဖော်ထုတ်ခြင်း” ခေါင်းစဉ်ဖြင့် ပြည်တွင်းသုတေသန စာတမ်းဖတ်ပွဲကို ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။
သတင်းစဉ်