နေပြည်တော် ၁၁ ဖေဖော်ဝါရီ
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်၊ သပြေကုန်းအဝိုင်းရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ထုလုပ်ဆောင်ရွက်ပြီးစီးမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ယင်းသို့ သွားရောက်စစ်ဆေးရာ နေပြည်တော် ဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးမင်းသူ၊ နေပြည်တော်ကောင်စီဝင် ဦးစန်းနိုင်နှင့် ကြေးရုပ်တုထုလုပ်သူ ပညာရှင်ဒေါက်တာ ဦးမြင့်စံတို့က ရှင်းလင်းပြသသည်။

အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ် မော်ကွန်းပါစည်းကမ်းအတိုင်း စနစ်တကျ ဆောင်ရွက်ထားရှိခြင်း၊ ခန့်ညားထယ်ဝါမှုရှိခြင်း၊ အချိုးအစားပြေပြစ်ခြင်းတို့ရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ်မော်ကွန်းစာရင်းတွင် ထည့်သွင်းထားရှိပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်