နေပြည်တော်၊ ၂၇ ဇန်နဝါရီ
ပြည်ထောင်စုနယ်မြေ နေပြည်တော် သံဝေဇနိယလေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ) စေတီဌာနတွင် နွေရာသီ ဆည်ရေရရှိမှု အခက်အခဲဖြစ်နေ၍ တစ်နှစ်ပတ်လုံး ဆည်ရေရရှိနိုင်ရေးအတွက် ရေမော်တာထားရှိမည့်နေရာ၊ ရေပိုက်လိုင်းသွယ်တန်းမည့် နေရာနှင့် လျှပ်စစ်သွယ်တန်းမည့်နေရာတို့ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၉ နာရီတွင် သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကိုဗစ်-၁၉ ကင်းစင်၍ ဘုရားဖူးများ ပြန်လည်ဖွင့်လှစ်ပါက ဘုရားဖူးပြည်သူများ ရေလုံလောက်စွာ သုံးစွဲနိုင်ရန်နှင့် နွေရာသီဆည်ရေရရှိမှု အခက်အခဲ မဖြစ်ပေါ်စေရေးအတွက် ရေမော်တာ တပ်ဆင်ခြင်း၊ ရေပိုက်လိုင်းများသွယ်တန်းခြင်းနှင့် လျှပ်စစ်မီးသွယ်တန်းခြင်းတို့ကို တာဝန်ယူဆောင်ရွက်မည့် Han Sein Thant Co.,Ltd. ၏ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက စေတီများနှင့် တရားစခန်းတို့ကို တစ်နှစ်ပတ်လုံး ဆည်ရေရရှိမှု အခက်အခဲမရှိစေရေး အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် အဖွဲ့သည် သံဝေဇနိယလေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ) စေတီများသို့ လှည့်လည်ဖူးမြော်ကြည်ညိုစဉ် မဟာဗောဓိစေတီတော်ရှိ ဘေးမဲ့ငါးလွှတ်ကန်အား ပြန်လည်တူးဖော်မည့်အခြေအနေကို ကြည့်ရှုစစ်ဆေး၍ သံဝေဇနိယလေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ) စေတီဌာနဝန်းအတွင်း စိမ်းလန်းစိုပြည်စေရန် စိုက်ပျိုးထားရှိသော အပင်များကို ဂရုစိုက်ပျိုးထောင်ရေး၊ (ဟော)စေတီဝန်းအတွင်း၌ ပျက်စီးနေသော အခင်းကျောက်ပြားများကို အမြန်ဆုံးပြန်လည်ပြုပြင်ရန်နှင့် တောမီးလောင်ကျွမ်းခြင်းမရှိစေရေး၊ မယ်တော်မာယာ ရေသန့်စင်သည့် ကန်တော်ရှိရေများ အမြဲမပြတ် ရေသန့်စင်စေရေး မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


