နေပြည်တော် ၁၃ ဇန်နဝါရီ

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ဘုရားပုထိုးများသို့ ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည်များ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖူးမြော်ခွင့်ပြုနိုင်ရေးအတွက်  ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

a8743623

 

ရှေးဦးစွာ  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ထီးလိုမင်းလိုဘုရားနှင့် အာနန္ဒာဘုရားတို့သို့ သွားရောက်၍ ဂေါပကအဖွဲ့များက ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖူးမြော်ခွင့်ပြုနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားမှု၊ ဖြေလျှော့ခွင့်ပြုလာပါက ကိုဗစ်-၁၉ မကူးစက်နိုင်ရေးနှင့် ကြိုတင်ကာကွယ်ရေးတို့အတွက် စီစဉ်ဆောင်ရွက်ထားမှု၊ Online Registration နှင့် ကျန်းမာရေးစစ်ဆေးနိုင်မည့် စက်ကိရိယာများ ပြင်ဆင်ထားရှိမှု၊ အဆင့်လိုက် ဖွင့်လှစ်ခွင့်ပြုနိုင်ရန် ဒေသအုပ်ချုပ်ရေးအဖွဲ့များ၊ ဆက်စပ်ဌာနဆိုင်ရာများနှင့် ဂေါပကအဖွဲ့များ ညှိနှိုင်းပြင်ဆင်ထားမှုများကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ရွှေစည်းခုံဘုရား၊ အာနန္ဒာဘုရား၊ ဗူးဘုရား၊ အလိုတော်ပြည့်ဘုရား၊ မြစေတီဘုရား၊ ထီးလိုမင်းလိုဘုရား၊ ရွှေဆံတော်ဘုရားဂေါပကအဖွဲ့များက လိုအပ်သည်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကျဆင်းလာပြီး ဖြေလျှော့မှုများဖြင့် စေတီပုထိုးများသို့ လေ့လာဖူးမြော်ခွင့်ပြုပါက ဘုရားဖူးပြည်သူများနှင့် ဒေသခံပြည်သူများပါ ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရန်အတွက် Social Distancing နှင့်အညီ ပညာပေးစည်းကမ်းချက်များ ဆောင်ရွက်ထားရှိပြီး အကွာအဝေးသတ်မှတ်ချက်၊ ဘုရားတစ်ဆူချင်း၏ ခွင့်ပြုနိုင်မှုအရေအတွက်၊ ကူးစက်နိုင်မှုမရှိစေရန် အသိပေးနှိုးဆော်ချက်များ ပြင်ဆင်ထားသည်။ အလားတူ ဘုရားတစ်ဆူချင်းစီတွင် ဘုရားဖူးများ၏ ကျန်းမာရေးအတွက် အပူချိန်တိုင်း စက်များနှင့် ပစ္စည်းကိရိယာများ ပြင်ဆင်ထားကာ ဘုရားများ၏ ပရိဝုဏ်နှင့် ဂန္ဓကုဋီအကျယ်အဝန်းအလိုက် ခွင့်ပြုနိုင်မည့် လူဦးရေတွက်ချက်သတ်မှတ်ကာ Auto Counting စနစ်ဖြင့် ဆောင်ရွက်ရန် လျာထားစီစဉ်ထားပြီး CCTV ဖြင့် စနစ်တကျ ထိန်းသိမ်းကြပ်မတ်နိုင်ရန်လည်း ဆောင်ရွက်ထားသည်။

ထို့ပြင် Tech Wings ကုမ္ပဏီက Online မှ ကြိုတင်စာရင်းပေးသွင်း၍ ခွင့်ပြုကြည့်ရှုရန် စီစဉ်ထားပြီး ညောင်ဦးခရိုင်စီမံခန့်ခွဲမှု ကော်မတီကလည်း ပုဂံဒေသ၏ အခြေအနေ၊ အချက်အလက်များကို ပြည်သူများ သိရှိနိုင်စေရန် Website နှင့် Page များမှ အချိန်နှင့်တပြေးညီ အသိပေးနိုင်ရေး စီစဉ်ထားကာ အဆင့်လိုက် ခွဲခြား၍ကြီးကြပ်ခွင့်ပြုပေးရန် ဒေသအုပ်ချုပ်ရေးအဖွဲ့၊ ဆက်စပ်ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များ ပူးပေါင်း၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။

သတင်းစဉ်