နေပြည်တော် ၉ ဖေဖော်ဝါရီ
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို သည် ယမန်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့ရှိ အင်္ဂလိပ်မြန်မာ ပထမ စစ်ပွဲတွင် စစ်သူကြီးသတိုးသုဓမ္မမဟာဗန္ဓုလ ဦးဆောင်၍ အင်္ဂလိပ်တို့အား ခုခံတိုက်ခိုက်ခဲ့ သည့် ရှေးဟောင်းဓနုဖြူခံတပ်၏ ကျန်ရှိနေသေးသော အုတ်ရိုးအစိတ်အပိုင်းများ ပြုပြင် ထိန်းသိမ်းနိုင်ရန် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးအား ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်ကရှေးမွန်မင်းများ တည်ဆောက်ခဲ့သော မြို့ရိုးဟောင်းကို စစ်သူကြီးမဟာဗန္ဓုလကခံတပ်အဖြစ် မွမ်းမံတည်ဆောက်၍ အင်္ဂလိပ်တို့ အား ခုခံခဲ့သည့် သမိုင်းကြောင်း ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရရှိရန်ပုံငွေဖြင့် ဧရာဝတီ မြစ်ဘက်ခြမ်းရှိ ခံတပ်အုတ်ရိုးအကြွင်းအကျန်များ ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် ရှေးမူမပျက်ကြံ့ခိုင်အောင် ဆောင်ရွက်မည့်အခြေအနေ၊ ခံတပ်ဧရိယာတွင် အများပြည်သူ များလာရောက်ကြည့်ရှု လေ့လာနိုင်ရန် လူသွားလမ်းများပြုလုပ်ခြင်း၊ မြေယာရှုခင်းပြုပြင် ခြင်းနှင့် လက်ရမ်းအကာတန်းများပြုလုပ်၍ ကာကွယ် ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက် မည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းစီမံချက်နှင့် အညီ ဆက်လက်ဆောင်ရွက်ရန် မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဓနုဖြူမြို့၊ နိုင်ငံတော် ပါဠိ တက္ကသိုလ် တောင်ပေါ်ကျောင်းတိုက်ကြီးအတွင်းရှိ စစ်သူကြီးမဟာဗန္ဓုလ ကျဆုံးခဲ့သည့် နေရာတွင် အထိမ်းအမှတ်ပြုလုပ်ထားသော မဟာဗန္ဓုလရုပ်တုနေရာကို သွားရောက်ကြည့် ရှုပြီး ပြည်တွင်း/ပြည်ပဧည့်သည်များ ကြည့်ရှုလေ့လာနိုင်ရန်နှင့် နောင်မျိုးဆက်သစ်များ၊ ဇာတိသွေး၊ ဇာတိမာန် ပေါ်ပေါက်လာနိုင်စေရေးစနစ်တကျ ထိန်းသိမ်းဆောင်ရွက်ရန် မှာကြားခဲ့ပြီး ကျိုက္ကလွန်ပွန်းစေတီတော်သို့ သွားရောက် ဖူးမြော်ကြည်ညို၍ ဂေါပကအဖွဲ့နှင့်တွေ့ဆုံကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)