နေပြည်တော် စက်တင်ဘာ ၁၄

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့၌ စက်တင်ဘာ ၁၆ ရက်မှ ၁၉ ရက်အထိ ကျင်းပမည့် အကြိမ်(၂၀) မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် အကြိမ်(၂၀)မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ယနေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်တွင်  ရန်ကုန်မြို့မှ တရုတ်နိုင်ငံသို့ စင်းလုံးငှားလေယာဉ်ဖြင့်ထွက်ခွာရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဘိုဌေး နှင့် တရုတ်နိုင်ငံသံရုံးမှ စီးပွားရေးသံမှူး Mr. OU YANG daobing တို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လိုက်ပါပို့ဆောင်ကြသည်။

အဆိုပါ အကြိမ်(၂၀)မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် အကြိမ်(၂၀)မြောက် တရုတ်- အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးတို့ကို “ရပ်ဝန်းနှင့် ပိုးလမ်းမ အရည်အသွေးမြင့်စွာ ဖွံ့ဖြိုးလာစေရေးမြှင့််တင်ခြင်းနှင့် ကြီးထွားမှုဗဟိုချက်အသစ်ကို ပြုစုပျိုး ထောင်ပေးခြင်းတို့ဖြင့် အတူမျှဝေခံစားသည့် အနာဂတ်နှင့် ဟန်ချက်ညီမျှသည့် နေရာတစ်ခုဖြစ်လာစေရေးအတွက် အတူတကွကြိုးပမ်းဆောင်ရွက်ကြပါစို့” ဟူသော ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်သည်။

အဆိုပါခရီးစဉ်သို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးကျော်ဆန်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး၊ ဦးသိန်းဌေး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွား ရေးရာဝန်ကြီး၊ ဦးမျိုးမြင့်အောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး၊ ဦးဇော်ဝင်း၊ မြန်မာကုန်သွယ်မှုမြှင့် တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါတို့နှင့်အတူ စီးပွားရေးလုပ်ငန်းရှင် (၂၀၉)ဦး လိုက်ပါသွားကြသည်။ 

မြန်မာနိုင်ငံအနေဖြင့် ဆန်စပါးကဏ္ဍ၊ ရေထွက်လုပ်ငန်းကဏ္ဍ၊ သစ်သီးဝလံကဏ္ဍ၊ ကော်ဖီနှင့်လက်ဖက်ကဏ္ဍ၊ ဟင်းခတ်အမွှေးအကြိုင်ကဏ္ဍ၊ သစ်သားထည်ကဏ္ဍ၊ အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍ၊ လက်မှုအနုပညာကဏ္ဍနှင့် ကျောက်မျက်ကဏ္ဍတို့အတွက် ပြခန်းပေါင်း (၈၀) ပါဝင်ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်