မန္တလေး ဒီဇင်ဘာ ၁၁

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယမန်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည် ခရိုင်၊ တံတားဦးမြို့နယ်ရှိ  မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းဖြစ်သော New Hope(Myanmar)Company Limited ၏ တိရိစ္ဆာန်အစာများ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုအားပေးရာ ကုမ္ပဏီ၏ Managing Director Mr. Zhao HuaRong က လုပ်ငန်းဆောင်ရွက်နေမှု ၊ တွေ့ကြုံနေရသည့် အခက်အခဲများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကိုရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီး က ကုန်ထုတ်လုပ်မှုမြှင့်တင်ရေး အတွက်  လုပ်ငန်းဆိုင်ရာအခက်အခဲများကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စဉ့်ကိုင်မြို့နယ်၊ မြောက်ကိုင်းကျေးရွာအုပ်စုရှိ  မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်သော နို့၊ ပဲနို့၊ အချိုရည်အမျိုးမျိုးနှင့် ရေသန့်ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် Europe & Asia Beverages Company Limited သို့ရောက်ရှိခဲ့ပြီး ကုမ္ပဏီ၏ Executive Director ဉီးဇော်ထွန်းနိုင်က စက်ရုံလုပ်ငန်းလည်ပတ်နေမှု၊ ပြည်တွင်း ထုတ်လုပ်မှုမြှင့်တင်ရေး၊ ဈေးကွက်တိုးချဲ့ရရှိရေး၊ လုပ်ငန်းတိုးချဲ့ ဆောင်ရွက်သွားမည့် ကိစ္စတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းနှင့်စပ်လျဉ်း၍ လိုအပ်သည်များ အကြံပြုညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှု အားပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည်  အမရပူရမြို့နယ်၊ ကမ္ဘဲကျေးရွာအုပ်စုနှင့် ရေကြည်ပေါက် ကျေးရွာအုပ်စုရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းဖြစ်သော မော်တော်ဆိုင်ကယ်နှင့် ဆိုင်ကယ်အပိုပစ္စည်းများ တပ်ဆင်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်နေသော Aung Kan Bo Motorcycle Industrial Company Limited သို့ရောက်ရှိပြီး  ကုမ္ပဏီ၏ Managing Director ဉီးကျော်ကျော်မင်း က လုပ်ငန်းဆောင်ရွက်နေမှု ၊ အရည် အသွေးမြင့်ပစ္စည်းများ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်နေမှုနှင့် လက်ရှိတွေ့ကြုံနေရသည့် အခက်အခဲများကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းဆိုင်ရာ အခက်အခဲများကို ညှိနှိုင်းပေါင်းစပ် ဆွေးနွေးပေးခဲ့ပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

(သတင်းစဉ်)