နေပြည်တော်၊ နိုဝင်ဘာ ၈
ပြည်ပနိုင်ငံများသို့ စေလွှတ်မည့် စီးပွားရေးသံမှူးများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ(၁)၌ ကျင်းပသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး က ပြည်ပနိုင်ငံများသို့ စေလွှတ်မည့် စီးပွားရေး သံမှူးများကို စနစ်တကျ ရွေးချယ်လေ့ကျင့်ထားခြင်းဖြစ်သည်နှင့်အညီ တစ်ဦးချင်း စည်းကမ်းရှိ၍ ဂုဏ်သိက္ခာထိန်းသိမ်းပြီး တာဝန်ထမ်းဆောင်ကြရန်၊ မိမိတို့သွားရောက် တာဝန်ထမ်းဆောင် မည့်နိုင်ငံနှင့် မြန်မာနိုင်ငံအကြားကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်လာစေရေး သန္နိဋ္ဌာန် ချမှတ်၍ ကြိုးစားဆောင်ရွက်သွားကြရန်နှင့် စီးပွားရေးလုပ်ငန်းအသင်းအဖွဲ့များနှင့် ချိတ်ဆက်ပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကဏ္ဍနယ်ပယ်အလိုက် နိုင်ငံအတွက်အကျိုးရှိ၍ လက်တွေ့ အသုံးချနိုင်မည့် အစီရင်ခံစာများ၊ သတင်းအချက်အလက်များ ပြုစုပေးပို့ကြစေလိုကြောင်း မှာကြားသည်။
အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ပြည်ပနိုင်ငံ များသို့ စေလွှတ်မည့် စီးပွားရေးသံမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)