နေပြည်တော် ဩဂုတ် ၂၆
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၁)ဖြင့် အကောင်အထည်ဖော် တည်ဆောက်ခဲ့သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ကျိုင်းလပ်နယ်စပ် ကုန်သွယ်ရေးစခန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါနယ်စပ်ကုန်သွယ် ရေးစခန်း၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်း၊ လာအိုနိုင်ငံဆိုင်ရာမြန်မာ သံအမတ်ကြီး၊ မြန်မာနိုင်ငံ ဆိုင်ရာလာအိုသံရုံးမှ ဒုတိယသံရုံးအကြီးအကဲ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ စီးပွားရေးသံမှူး၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံမှ ပြည်နယ်အုပ်ချုပ် ရေးမှူး ဦးဆောင်သည့် စီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကုန်သည်လုပ် ငန်းရှင်များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားမစတင်မီ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့ဝင်များက ရိုးရာအကများဖြင့် ကပြဖျော်ဖြေကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး က မြန်မာနိုင်ငံနှင့် လာအိုပြည်သူ့ဒီမို ကရက်တစ်နိုင်ငံတို့သည် ရှေးရာစုနှစ်များစွာကပင် ချစ်ခင်ရင်းနှီးခဲ့ကြသော နိုင်ငံများဖြစ် ကြောင်း၊ နှစ်နိုင်ငံပြည်သူများအနေဖြင့် ရိုးရာဓလေ့၊ ယဉ်ကျေးမှုနှင့် ကိုးကွယ်ရာဘာသာလည်း တူညီကြကြောင်း၊ နှစ်နိုင်ငံအကြား မဲခေါင်မြစ် ပိုင်းခြားထားမှုကြောင့် နှစ်နိုင်ငံကုန်သွယ်မှု ဖွံ့ဖြိုးခဲ့ခြင်းမရှိသော်လည်း မြန်မာ-လာအို ချစ်ကြည်ရေးတံတား တည်ဆောက်နိုင်ခဲ့ပြီးဖြစ်၍ သဘာဝအတားအဆီးကို ကျော်လွန်နိုင်ခဲ့ကာ နှစ်နိုင်ငံလမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန် လာမှုကို အခြေပြု၍ ကုန်သွယ်မှုမြှင့်တင်ဆောင်ရွက်နိုင်ရန် ယခင်ကယာယီဖွင့်လှစ်ခဲ့သည့် ကျိုင်းလပ် နယ်စပ်ကုန်သွယ်ရေးစခန်းကို ကုန်သွယ်ရေးစခန်းအင်္ဂါရပ်များနှင့် ညီညွတ်သော စခန်းတစ်ခုဖြစ်လာစေရန် အဆင်မြှင့်တင်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ စခန်းရုံးအဆောက် အအုံများ တည်ဆောက်ရေးအတွက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူး ရန်ပုံငွေမှ ထောက်ပံ့ကူညီပေးခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ကျေးဇူးတင်ရှိကြောင်း၊ ကုန်သွယ်ရေးစခန်းဖွင့်လှစ်နိုင်ခြင်းဖြင့် နှစ်နိုင်ငံကုန်သွယ်မှု ပိုမိုတိုးမြင့်လာမည့်အပြင် နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုလည်း ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးသံမှူးက ဝမ်းမြောက်စကား ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများက ကျိုင်းလပ်နယ်စပ်ကုန်သွယ်ရေးစခန်းကို ဖွင့်လှစ်ပေးပြီး ကုန်သွယ် ရေးစခန်းကို လှည်လည်ကြည့်ရှုကာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကုန်သည်အသင်းအဖွဲ့များ၊ လာအိုနိုင်ငံမှ စီးပွားရေးဆိုင်ရာအသင်းအဖွဲ့များနှင့် ထိုင်းနိုင်ငံမယ်ဆိုင်နယ်စပ်ကုန်သည် အသင်းတို့၏ ဒေသထွက်ကုန်များ ခင်းကျင်းပြသမှုတို့ကို လိုက်လံကြည့်ရှုကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် မဲခေါင်မြစ်ကူး မြန်မာ-လာအို ချစ်ကြည်ရေးတံတားကို သွားရောက်လေ့လာကြပြီး တာချီလိတ်မြို့ မယ်ယန်း ရပ်ကွက်ရှိ ကုန်သွယ်ရေးစခန်းသို့သွားရောက်ကာ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ပို့ကုန်မြှင့် တင်ရေးနှင့် တရားမဝင်ကုန်သွယ်မှု တားဆီးရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။
သတင်းစဉ်