ရန်ကုန်၊ စက်တင်ဘာ၂၃
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသည့် Anita Asia Company Limited ၏ အထည်ချုပ်စက်ရုံသို့ ရောက်ရှိရာ စက်ရုံ၏တာဝန်ခံက စက်ရုံလုပ်ငန်း လည်ပတ်နေမှု၊ အမှာစာများလက်ခံရရှိမှု၊ တွေ့ကြုံနေရသည့်အခက်အခဲ များနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းဆိုင်ရာ အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ Ayeyar Prince Trading Company Limited ၏ ဆန်သန့်စင်ကြိတ်ခွဲခြင်းလုပ်ငန်းသို့ ရောက်ရှိရာ စက်ရုံ၏ လုပ်ငန်းခွင်၌ ကုမ္ပဏီ၏ တာဝန်ရှိသူများက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များ၊ ဆန်ကြိတ်ခွဲရေးလုပ်ငန်းလည်ပတ်နေမှု၊ ပြည်ပသို့တင်ပို့ နိုင်မှုနှင့် ကန်ထရိုက်စနစ်ဖြင့် လယ်ယာလုပ်ငန်း ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဆန်ကြိတ်ခွဲမှုတိုးမြှင့် ဆောင်ရွက်နိုင်ရေး၊ ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေး၊ ကန်ထရိုက်လယ်ယာစနစ်ဖြင့် Supply Chain တစ်ခုလုံး ပါဝင်ဆောင်ရွက်နိုင်မှု မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းခဲ့ပြီး ခေတ်မီဆန်စက်ဖြင့် ကြိတ်ခွဲထုတ်လုပ်နေမှုများကို အားပေးကြည့်ရှုသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရွှေလင်ပန်းစက်မှုဇုန်၊ ကနောင်ခန်းမ၌ လှိုင်သာယာစက်မှုဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံခဲ့ရာ ရွှေလင်ပန်း စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးအေးသောင်း၊ အထွေထွေအတွင်းရေးမှူး ဦးနေလင်းဇင်၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်အသီးသီးမှ ဥက္ကဋ္ဌများ၊ ဒုဥက္ကဋ္ဌများနှင့် တက်ရောက်လာကြသည့် လုပ်ငန်းရှင်များက စက်မှုဇုန် အတွင်း စက်ရုံလုပ်ငန်းလုပ်ဆောင်နေမှု၊ ဘဏ်နှင့် ငွေကြေးဆိုင်ရာ ကိစ္စရပ်များ၊ မီးလောင်စက်ရုံများ အမြန်ဆုံး လုပ်ငန်းပြန်လည် လည်ပတ်နိုင်ရေးကိစ္စရပ်များ၊ သင်္ဘောလိုင်း တင်ပို့ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ အာမခံထားရှိမှု၊ အခွန်ကင်းလွတ်ခွင့်နှင့် ချေးငွေရရှိရေး ကိစ္စရပ်များ၊ စက်မှုဇုန်အဆင့်မြှင့်တင်နိုင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်း စွာဆွေးနွေးတင်ပြကြသည်။
ယင်းနောက် တင်ပြဆွေးနွေးချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက မီးလောင်စက်ရုံများ ပြန်လည်လည်ပတ် နိုင်ရေးနှင့် စပ်လျဉ်း၍ ဆောလျင်စွာ ဆောင်ရွက်ပေးထားသည့် အစီအစဉ်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှင့် ဆက်စပ်လျက်ရှိသည့် ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသွားမည့်အစီအစဉ်များ၊ လုပ်ငန်းရှင်များ၏ လုပ်ငန်းလည်ပတ််နိုင်ရေးအတွက် ကိုဗစ ်ချေးငွေများ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ စိုက်ပျိုးမွေးမြူရေး၊ အသေးစားအလတ်စား စက်မှုလုပ်ငန်းများနှင့် သွင်းကုန်အစားထိုးလုပ်ငန်းများ ပိုမိုမြှင့်ရေးဆောင်ရွက်ပေးမည့် အခြေအနေများ၊ ပို့ကုန် တင်ပို့မှုလုပ်ငန်းများ လွယ်ကူချောမွေ့စေရေး ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ ဝန်ကြီးဌာန အနေဖြင့် လုပ်ထုံးလုပ်နည်းများ ရိုးရှင်းလွယ်ကူရေး၊ Online စနစ်ဖြင့် ဝန်ဆောင်မှုမြှင့်တင်ရေး၊ ခွင့်ပြုမိန့်ရပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအပေါ် ဝန်ဆောင်မှု ပိုမိုတိုးမြှင့်ရေး၊ ရင်းနှီးမြှုပ်နှံမှု အတားအဆီးများလျှော့ချရေး၊ ပွင့်လင်းမြင်သာမှု အားကောင်းရေးတို့အတွက် အလေးထားဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး လုပ်ငန်းရှင်များက တင်ပြသည့် ကိစ္စရပ်များအပေါ် ပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)