နေပြည်တော်၊ အောက်တိုဘာ၂၆

 

ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁)၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ဖိတ်ကြားချက်အရ ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ရှိ Wyndham Grand Yangon Hotel ၏ Grand Ballroom ၌ ကျင်းပသည့် ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲသို့ တက်ရောက်၍ အမှာစကား ပြောကြားသည်။

 

ဉီးစွာ ပြည်ထောင်စုဝန်ကြီးက ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းသည် လမ်းများနှင့် ဆက်သွယ်မှုများ တည်ဆောက်ရေးအတွက်သာ မဟုတ်ဘဲ အရည်အသွေးပြည့်ဝမှု၊ စည်းလုံးညီညွတ်မှုနှင့် ဖွံ့ဖြိုးမှု မျှဝေခြင်းတို့၏ ပြယုဂ်တစ်ခုဖြစ်ပါကြောင်း၊ အဆိုပါစီမံကိန်း၏ မဟာဗျူဟာမြောက် ရည်ရွယ်ချက်မှာ မတူကွဲပြားသော နိုင်ငံများအကြား အပြန်အလှန်လေးစားမှု၊ နားလည်မှုနှင့် ယုံကြည်မှုတို့ကို မြှင့်တင်ရန်ဖြစ်ပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် မြန်မာနိုင်ငံအတွက် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံလည်းဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား နှစ်စဉ်ကုန်သွယ်မှုသည် မြန်မာနိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှု စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းကျော် ရှိပါကြောင်း၊ နှစ်နိုင်ငံအစိုးရများ (G to G) အကြား အလွန်ကောင်းမွန်သော ဆက်ဆံရေးရှိခြင်း၊ စီးပွားရေးအသိုင်းအဝိုင်း (B to B) နှင့် နှစ်နိုင်ငံ ပြည်သူများ  (P to P) အကြား ကောင်းမွန်သော ဆက်ဆံရေးရှိခြင်းတို့ကြောင့် နှစ်နိုင်ငံကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများ များစွာတိုးတက်ခဲ့ပါကြောင်း။

 

သိသာထင်ရှားသော ပူးပေါင်းဆောင်ရွက်မှုမှာ မြန်မာနိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုး တိုးတက်ရေး အလားအလာရှိသည့် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်သည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် ဖြစ်ပါကြောင်း၊ ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့ကို လွှမ်းခြုံထားသည့် ကမ်းရိုးတန်းရှိနေသည့် မြန်မာနိုင်ငံသည် တရုတ် - မြန်မာ စီးပွားရေး စင်္ကြန်လမ်း (CMEC) မှတစ်ဆင့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း၏ ရေကြောင်းအခြေပြုစီမံကိန်းတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပါကြောင်း၊ ပင်လယ်ရေကြောင်းလမ်းများအား ပိုမိုကောင်းမွန်ရေးအတွက် ဆောင်ရွက်ခြင်းသည် ကုန်စည်ပို့ဆောင်မှုတွင် မြန်ဆန်ပြီး ကုန်ကျစရိတ် သက်သာရုံသာမက ကုန်သွယ်မှုလုပ်ငန်းများကို ချဲ့ထွင်ရန်၊ ဒေသတွင်း စီးပွားရေး လုပ်ငန်းများကို ပိုမိုအားကောင်းလာစေရန်နှင့် စီးပွားရေးတိုးတက်မှုကို မြှင့်တင်စေမည်ဖြစ်ပါကြောင်း။

 

ထို့အပြင် ဆိပ်ကမ်းများနှင့် ဆက်စပ်အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်မှုသည် ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖြစ်ပေါ်စေပြီး ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် လူနေမှုအဆင့်အတန်း မြင့်မားရေးတို့ကို သိသိသာသာ ပံ့ပိုးပေးမည်ဖြစ် ပါကြောင်း၊ လေကြောင်းဆက်သွယ်မှုများ တိုးမြှင့်ခြင်းသည် နိုင်ငံသားအချင်းချင်း အပြန်အလှန် နှီးနှောဖလှယ်မှု၊ ယဉ်ကျေးမှုဆိုင်ရာ နားလည်သဘောပေါက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို မြှင့်တင်ပေးကာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသတွင်း ယဉ်ကျေးမှုဖလှယ်ခြင်း ကိုလည်း တိုးပွားလာစေမည်ဖြစ်ပါကြောင်း။

 

လက်ရှိရထားလမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် မူဆယ် - မန္တလေး အမြန်ရထားလမ်းနှင့် မန္တလေး- ကျောက်ဖြူ အမြန်ရထားလမ်းသစ်များ ဖောက်လုပ်ခြင်းသည် ပြည်တွင်း ကုန်စည် သယ်ယူပို့ဆောင်ရေး စွမ်းဆောင်ရည်ကို တိုးမြင့်စေပြီး ကုန်ကျစရိတ်ကို လျှော့ချနိုင်ကာ ပြည်တွင်းစက်မှုလုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးပါကြောင်း၊ ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု (BRI) အရ နိုင်ငံတော်နှင့် ပြည်သူအတွက် အကျိုးရှိသော မည်သည့် စီမံကိန်းများကိုမဆို မြန်မာနိုင်ငံက အကောင်အထည်ဖော် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း ပြောကြားသည်။

 

အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. Chen Hai နှင့် အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်