နေပြည်တော် မတ် ၉
ခရီးစဉ်ဒေသအလိုက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားမြှင့်တင်ရေးဆိုင်ရာ အစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်သည် မတ်၇ရက် မွန်းလွဲပိုင်းတွင် ညောင်ရွှေမြို့ရှိ ဟိုတယ်များမှ ဟိုတယ်လုပ် ငန်းရှင်များနှင့် တာဝန်ရှိသူများအား ရွှေနန်းတော်ဟိုတယ်(အင်းလေး) ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တောင်ကြီးရုံးခွဲမှ ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က ညောင်ရွှေမြို့ရှိ ခရီးစဉ်ဒေသများ၏ အခြေအနေ၊ ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များ လာရောက်လည်ပတ်မှုအခြေအနေနှင့် အင်းလေးဒေသခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ခရီးသွားလုပ်ငန်းသည် ပြည်သူလူထုအားလုံး ပူးပေါင်း ပါဝင်ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်ပါကြောင်း၊ လက်ရှိတွင် တစ်စထက်တစ်စ ပြန်လည်ဖွံ့ဖြိုးတိုး တက် လာနေသော်လည်း ပိုမိုဖွံ့ဖြိုးတိုးတက်ရန် လိုအပ်လျက်ရှိကြောင်း၊ အင်းလေးဒေသသည် သဘာဝအလျောက် ဖြစ်ပေါ်နေသည့် အခြေခံအရင်းအမြစ်ကောင်းများရှိသည့် ဒေသဖြစ် သည့် အပြင် ဒေသခံများ၏ လူနေမှုဓလေ့ ထုံးတမ်းအစဉ်အလာများသည် ပြည်တွင်းပြည်ပ ခရီးသွားများကို စိတ်ဝင်စားမှုရှိစေသည့် ဒေသတစ်ခုဖြစ်ပါကြောင်း၊ ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် နိုင်ငံ၏အကျိုးစီးပွား၊ ဒေသ၏အကျိုးစီးပွား၊ လုပ်ငန်းရှင်များ၏ အကျိုးစီးပွားနှင့် ပြည်သူလူထု၏ အကျိုးစီးပွားများကို အောင်မြင်ဖြစ်ထွန်းအောင် ပံ့ပိုးကူညီ ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး က အမျိုးသားအဆင့် ကျန်းမာရေးအသိ အမှတ်ပြုလက်မှတ် ရရှိသည့် ဟိုတယ်(၉)လုံးကို အသိအမှတ်ပြုလက်မှတ်များပေးအပ်ပြီး နိဂုံးချုပ် အမှာစကားပြော ကြားကာ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အင်းလေးကန် သန့်ရှင်းသာယာလှပစေရေးနှင့် ခရီးသွားဧည့်သည်များစိတ်ချမ်းမြေ့စွာ သွားလာလည်ပတ်နိုင်ရေးတို့အတွက် ဒိုက်၊ ဗေဒါနှင့်အမှိုက် များ ရှင်းလင်းဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်တွင်း ပြည်ပခရီးသွားဧည့် သည်များ ခရီးစဉ်ဒေသဆိုင်ရာအချက်အလက်များကို လွယ်ကူစွာသိရှိနိုင်ရန် ရည်ရွယ်၍ ဝန်ကြီးဌာန က ဖွင့်လှစ်ထားသည့် ညောင်ရွှေမြို့ရှိ သတင်းပြန်ကြားရေးကောင်တာသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ယမန်နေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကလောမြို့ရှိ ဌာနဆိုင်ရာများ၊ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် ဟိုတယ်များမှ တာဝန်ရှိသူများကို Kalaw Heritage Hotel ၌ တွေ့ဆုံသည်။
တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက လက်ရှိအခြေအနေတွင် ပြည်တွင်းခရီးသွားလုပ်ငန်းများ ပြန်လည်ဦးမော့လာပြီဖြစ်သည့်အတွက် ပြည်ပခရီးသွားဧည့်သည်များပါ ပိုမိုဝင်ရောက်လာစေ ရန် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍လိုအပ်သည်များ ကူညီပံ့ပိုးဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း၊ ကလောဒေသ၏ ကောင်းမွန်သည့် ရာသီဥတုအခြေအနေ၊ သာယာလှပ သည့် တောတောင်ရေမြေ သဘာဝပတ်ဝန်းကျင်အလှအပများကြောင့် ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များ စိတ်ဝင်စားမှုများပြားသည့် ခရီးစဉ်ဒေသတစ်ခုဖြစ်ပါကြောင်း၊ ခရီးသွားဧည့်သည်များ ကို ပြည့်ဝစွာ ဝန်ဆောင်မှုပေးနိုင်ရေးဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ဒေသ၏အကျိုးစီးပွား၊ လုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများ ၏ အကျိုးစီးပွားကိုရှေ့ရှု၍ လိုအပ်သည်များ ပံ့ပိုးဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဟိုတယ်နှင့်ခရီးသွား ဆိုင်ရာအသင်းအဖွဲ့များမှ တာဝန်ရှိသူများက ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး တင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမျိုးသားအဆင့်ကျန်းမာရေး အသိအမှတ်ပြုလက်မှတ် ရရှိသည့် ကလောမြို့ရှိ ဟိုတယ် (၃) လုံးကို အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ပြီး ဆွေးနွေးတင်ပြ ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါကြောင်း သိရသည်။
သတင်းစဉ်