နေပြည်တော်၊ မေ

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်၊ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်တာဝန်ခံများသည် ယနေ့ နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စင်ကာပူနှင့် အရှေ့တောင်အာရှ ဒေသလုံးဆိုင်ရာ အော်သိုဒေါ့ဘုန်းတော်ကြီး His Eminence Sergiy ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ရှေ့ဦးစွာ နှုတ်ခွန်းဆက်စကားပြောကြားပြီး၊ အော်သိုဒေါ့ ဘုန်းတော်ကြီးက နိုင်ငံတစ်နိုင်ငံတွင် ဘာသာရေးအဆုံးအမသည် အရေးကြီးပြီး ဘာသာရေးအဆုံးအမ မရှိလျှင် ပျက်စီး၊ ကျဆုံးမှုများရှိနိုင်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်အများစုမှီတင်းနေထိုင်ပြီး ဘာသာရေးအဆုံးအမရှိနေခြင်းမှာ ကောင်းမွန်သော အခြေအနေဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရှိ ရုရှားလူမျိုးများနှင့် ရုရှားခရီးသွားများအတွက် အော်သိုဒေါ့ဘုရားရှိခိုးကျောင်း (၁) ကျောင်း တည်ထောင် နိုင်ရန် ကြိုးပမ်းလျက်ရှိပါကြောင်း၊ ရုရှားလူမျိုးများ အနေဖြင့် ၎င်းတို့သွားရောက်လည်ပတ်သော နိုင်ငံများရှိ ရုရှားအော် သိုဒေါ့ဘုရားကျောင်းများသို့ သွားရောက်လေ့ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ရုရှားအော်သိုဒေါ့ ဘုရားကျောင်းရှိခြင်းဖြင့် ရုရှား ခရီးသွားဧည့်သည်များကို ဆွဲဆောင်မှုဖြစ်စေမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုနှင့် သဘာဝအရင်းအမြစ်များ ပေါကြွယ်ဝမှုက ရုရှားခရီးသွား ဧည့်သည်များအတွက် ဆွဲဆောင်မှုရှိနေပါကြောင်းနှင့် ဝန်ကြီးဌာနအတွက် ဆုမွန်တောင်း စကား ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက  ရုရှားလူမျိုးများသည် ဇွဲရှိ၊ ခိုင်မာမှုရှိပြီး သမိုင်းတွင် အခက်အခဲများကို ကျော်ဖြတ်နိုင်ခဲ့မှုများအား တွေ့ရှိရပါကြောင်း၊ ရုရှားအော်သိုဒေါ့ ဘာသာရေးအဖွဲ့အစည်းသည်လည်း ဇွဲရှိခိုင်မာသော အဖွဲ့အစည်းတစ်ခုဖြစ်သည့်အတွက် လေးစားရပါကြောင်း၊ မြန်မာနိုင်ငံရှိ လူဦးရေအများစု သည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြသော်လည်း ဘာသာရေးခွဲခြားမှုမရှိပဲ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ရှိပါကြောင်း၊ ယခုကဲ့သို့ ဝန်ကြီးဌာနသို့ လာရောက်တွေ့ဆုံသည့်အတွက် ကျေးဇူးတင်ရှိ ပါကြောင်း၊ မြန်မာနိုင်ငံတွင် ရုရှားအော်သိုဒေါ့ဘုရားကျောင်း တည်ထောင်ခြင်းက မြန်မာ-ရုရှား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်လာရေးအတွက်ကို အထောက်အပံ့ဖြစ်စေမည်ဟု ယုံကြည်ပါကြောင်း ပြန်လည် ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စင်ကာပူနှင့် အရှေ့တောင် အာရှဒေသလုံး ဆိုင်ရာ အော်သိုဒေါ့ဘုန်းတော်ကြီးတို့က အမှတ်တရလက် ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)