နေပြည်တော်၊ စက်တင်ဘာ ၂၃

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍအတွက် လိုအပ်သော ဓာတ်မြေဩဇာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး အမှတ်(၃) ဓာတ်မြေဩဇာစက်ရုံ(ကျော်စွာ) ပြန်လည်လည်ပတ်၍ ဓာတ်မြေဩဇာ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ စက်ရုံလည်ပတ်နိုင်ရန်လိုအပ်သော သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဆက်သွယ်ပြုပြင်ခြင်းနှင့် စက်ရုံပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ယနေ့ နံနက်ပိုင်းက ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးနှင့် တာဝန်ရှိသူ များက ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး လုပ်ငန်းခွင်ဆောင်ရွက်နေမှုတို့ကို Virtual စနစ်ဖြင့် ကြည့်ရှုစစ်ဆေးသည်။

 

ရှေးဦးစွာ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဆက်သွယ်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဦးအောင်မင်းနှင့် အမှတ်(၃) ဓာတ်မြေဩဇာစက်ရုံ (ကျော်စွာ)၏ စက်ပစ္စည်းများစစ်ဆေး ပြုပြင်နေမှုတို့ကို မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မြင့်က လည်းကောင်း၊ ကျော်စွာဓာတ်မြေဩဇာစက်ရုံ၏ စက်ပစ္စည်း စစ်ဆေးပြုပြင်နေမှုများကို စက်ရုံမှူးကလည်းကောင်း ရှင်းလင်းတင်ပြသည်။

 

ပိုက်လိုင်းများပြုပြင်ဆက်သွယ်ခြင်းလုပ်ငန်းနှင့် ဓာတ်မြေဩဇာစက်ရုံ၏ စက်ပစ္စည်း စစ်ဆေးပြုပြင်နေမှုများ တို့အတွက် တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက အမှတ် (၃) ဓာတ်မြေဩဇာစက်ရုံ (ကျော်စွာ) ပြင်ဆင်ရေးကို စတင်ဆောင်ရွက်နေပြီဖြစ်၍ ရပ်ဆိုင်းစက်ရုံစာရင်းမှ ပယ်ဖျက်နိုင်ရေးလုပ်ငန်းစဉ်များကို အမြန်ဆုံးဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းကို အလေးထား ဆောင်ရွက်ကြရန်လိုကြောင်း၊ စက်ရုံ၏ စက်ပစ္စည်းယန္တရားသာမက ကုန်ထုတ်လုပ်မှုနှင့်သက်ဆိုင်သော အဆောက်အဦများကိုလည်း အသေးစိတ်စစ်ဆေးရန်လိုကြောင်း၊ မဖြစ်မနေဆောင်ရွက်ကြရမည့် မြို့ပြ လုပ်ငန်းများကိုလည်း စိစစ်ပြင်ဆင်ရန်လိုပါကြောင်း၊ ဝန်ထမ်းအင်အား၊ စက်ယန္တရားလိုအပ်ချက်များ ကိုလည်း စက်ရုံလည်ပတ်နိုင်သည့် အခြေအနေအထိစဉ်းစား၍ ကြိုတင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပိုက်လိုင်းပြင်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် သီးနှံယာခင်းများ ဖြတ်သန်းမှုရှိပါက သေချာညှိနှိုင်း၍ သီးနှံလျော်ကြေးပေးဆောင်ရေး စီမံထားရန်လိုပါကြောင်း၊ နိုင်ငံတော်တွင်လိုအပ်သည့် ဓာတ်မြေဩဇာ ဖြည့်ဆည်းနိုင်ရေးကိုရည်ရွယ်ကာ လုပ်ငန်းများအမြန်ပြီးစီးအောင် ကြိုးစားလုပ်ကိုင်ဆောင်ရွက်သွားကြ ရန်လိုကြောင်း မှာကြားသည်။

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍမြှင့်တင်နိုင်ရေးအတွက် လိုအပ်သော ဓာတ်မြေဩဇာဖြည့်တင်းနိုင်ရန်ရည်ရွယ်၍ အမှတ်(၃) ဓာတ်မြေဩဇာစက်ရုံ(ကျော်စွာ)ကို ပြန်လည်လည်ပတ် နိုင်ရေး ကြိုးပမ်းဆောင်ရွက်သည်။ ထို့အတူ ဓာတ်မြေဩဇာလိုအပ်ချက်ကို အထိုက်အလျောက်ဖြည့်ဆည်း နိုင်ရေး အမှတ် (၄) ဓာတ်မြေဩ ဇာစက်ရုံ(မြောင်းတကာ)နှင့် အမှတ် (၅) ဓာတ်မြေဩဇာစက်ရုံ (ကန်ကြီး ထောင့်) တို့ လည်ပတ်ထုတ်လုပ်လျက်ရှိပြီး နွေစပါးအတွက် လိုအပ်သောဓာတ်မြေဩဇာ များကို ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ဖြန့်ဖြူးပေးနိုင်ရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)